မြန်အောင်မြို့နယ်တွင် လင်မယားရန်ဖြစ်ရာမှ ဓားဖြင့်ခုတ်သတ်မှုဖြစ်ပွား၊ ဇနီး ပွဲချင်းပြီးသေဆုံး

(မှုခင်း) မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် မေလ ၄ ရက်နေ့က လင်မယားချင်း စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူ၏ ဓားဖြင့်ခုတ်သတ်မှုကြောင့် ဇနီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဖြစ်စဉ်မှာ မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ ထုံးဝိုင်းကုန်းကျေးရွာတွင် နေထိုင်သော အမျိုးသား ဦးအောင်ထွန်းလင်းနှင့် ဇနီးဖြစ်သူ ဒေါ်သန်းသန်းစိုးတို့သည် လူမှုရေးကိစ္စဖြင့် စကားများရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက နေအိမ်ရှိ ဓားဖြင့် ခုတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက “လူမှုရေးကိစ္စနဲ့ စကားများကြတယ်လို့သိရတယ်။ တရားခံကတော့ ထွက်ပြေးတိမ်းရှောင်နေပါတယ်” ဟု ပြောကြားထားသည်။သေဆုံးသူ ဒေါ်သန်းသန်းစိုးမှာ အသက် (၄၀) ဝန်းကျင်ရှိပြီး ကျူးလွန်သူ ဦးအောင်ထွန်းလင်းမှာ အသက် (၅၀) ခန့်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။