
(ပြည်တွင်း) မေ ၅
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာ၌ ရန်ကုန်မြို့တော်၏ မြို့ပြစနစ်တကျဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်စေရေးအတွက် လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများကို စနစ်တကျဖြစ်စေရန် လိုအပ်ကြောင်း၊ လျှပ်စစ်မီးတိုင်များပေါ်တွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးနေမှုများကို သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ရေးကုမ္ပဏီများ ပူးပေါင်း၍ Underground Cable Network စနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အမြန်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့ပြင် ရပ်ကွက်နှင့်လမ်းများအတွင်း ရေမြောင်းစနစ်များ ရေစီးရေလာကောင်းမွန်စေရေးအတွက် Water Volume ချိန်ဆတိုင်းတာခြင်း၊ Survey လုပ်ငန်းများကို နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၏ ပူးပေါင်းကူညီမှုဖြင့် ကွင်းဆင်းဆောင်ရွက်ရန်၊ ရေမြောင်းပိတ်ဆို့မှုမဖြစ်စေရန်အတွက် မလိုအပ်သည့် လူကူးတံတားများနှင့် သစ်ပင်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန်လည်း လမ်းညွှန်ခဲ့သည်။
ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာ၌ မြောင်းအကျယ်များကို တစ်သမတ်တည်းဖြစ်စေရေး သက်ဆိုင်ရာဌာနများမှ ဒီဇိုင်းရေးဆွဲ အတည်ပြုဆောင်ရွက်ရန်၊ မြို့သာယာလှပရေးအတွက် လမ်းဘေးသစ်ပင်ကြီးများကို မိုးမကျမီ အလင်းဖွင့်ခြင်းလုပ်ငန်းများ အပါအဝင် စနစ်တကျပြုပြင်ထိန်းသိမ်းရန်လည်း မှာကြားခဲ့သည်။
ထို့အပြင် ဝဲ/ ယာတစ်လျှောက်နှင့် ရပ်ကွက်များအတွင်း အမှိက်များမရှိစေရေး နေ့စဉ်ကြပ်မတ်ဆောင်ရွက်ရန်၊ မြိုနယ်အလိုက် လူဦးရေနှင့်ညီမျှသည့် အပန်းဖြေပန်းခြံများတည်ဆောက်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲအမြန်တင်ပြရန်၊ လမ်းနယ်နိမိတ်များပေါ်တွင်လည်းကောင်း လမ်းဘေးပလက်ဖောင်းများပေါ်တွင်လည်းကောင်း ကျူးကျော်ခြင်း၊ ဆိုင်ဖွင့်ခြင်း အဆောက်အဦးဆောက်လုပ်ခြင်းများ လုံးဝမရှိစေရေး တာဝန်ရှိသူအသီးသီးမှ ဥပဒေနှင့်အညီ စိစစ်ဖယ်ရှားဆောင်ရွက်ရန်လည်း တာဝန်ရှိသူများအား လမ်းညွှန်ခဲ့သည်။
ဂုံးကျော်တံတားများနှင့်ပတ်သက်၍ အဆင်းနေရာများတွင် လမ်းပြေပြစ်စေရေး Asphalt Concrete ခင်းခြင်းနှင့် slope ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်၊ လမ်းကွန်ကရစ်လောင်းရာတွင် ဓာတ်တိုင်များ ထည့်သွင်းလောင်းခြင်းမပြုရန်နှင့် ဘတ်ဂျက်အသုံးစရိတ်များ မဆုံးရှုံးစေရေး အထူးဂရုပြုရန်လည်း မှာကြားခဲ့သည်။
ထို့ပြင် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင် အဆင့်မီဘောလုံးကွင်းနှင့် ပန်းခြံများတည်ဆောက်ရန်၊ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း လိုက်နာမှုအားနည်းမှုများကို စစ်ဆေးကြပ်မတ်ရန်၊ လူကူးမျဉ်းကြားအသုံးပြုမှု စနစ်တကျဖြစ်စေရန်နှင့် လမ်းအမှတ်အသားများ၊ လမ်းညွှန်ဆိုင်းဘုတ်များကို ပြည့်စုံစွာ တပ်ဆင်ရန်လည်း ပြောကြားခဲ့သည်။
မြို့ပြဖွံ့ဖြိုးတိုးတက်ရေး Town Plan ရေးဆွဲရာတွင် လယ်မြေများမထိခိုက်စေရန်နှင့် စနစ်တကျ မြို့ပြတိုးချဲ့ရေးကို အလေးထားဆောင်ရွက်ရန်၊ ကွန်ပျူတာတက္ကသိုလ်အပါအဝင် အချို့ပညာရေးအဆောက်အအုံများကို Landscape နှင့် Lighting စနစ်များဖြင့် ပိုမိုသာယာလှပစေရန် ဆောင်ရွက်ရန်လည်း လမ်းညွှန်ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က တိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။