
(ပြည်တွင်း) မေ ၄
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအထူးပြပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ပရိဝုဏ်အတွင်းတွင် မေ ၁၀ ရက်အထိ ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအထူးပြပွဲကို ဧပြီ ၃၀ ရက်မှ စတင်ဖွင့်လှစ်ထားပြီး ပြည်သူများ လွယ်ကူစွာ လာရောက်ကြည့်ရှုနိုင်ရန်အတွက် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားရှိကာ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
ပြပွဲအတွင်းတွင် ပထမသင်္ဂါယနာတင်မှ ဆဋ္ဌသင်္ဂါယနာတင်အထိ သမိုင်းဖြစ်စဉ်များနှင့် ယနေ့ခေတ် သာသနာရေးဆိုင်ရာ ဆောင်ရွက်မှုများကို ပြကွက် ၁၀ ကွက်ဖြင့် စနစ်တကျ ပြသထားသည်။ ထိုပြကွက်များတွင် ဗုဒ္ဓဘဝဖြစ်စဉ်များ၊ သင်္ဂါယနာတင်အဆင့်ဆင့်၊ နိုင်ငံအလိုက် ဆောင်ရွက်မှုများ၊ မဟာပါသာဏလိုဏ်ဂူတော် တည်ဆောက်မှုမှတ်တမ်းများ၊ သံဃာတော်ကြီးများ၏ ရုပ်တုများနှင့် အသုံးအဆောင်ပစ္စည်းများ၊ နိုင်ငံတကာမှ လှူဒါန်းပစ္စည်းများ၊ ပိဋကတ်တော်နှင့် ဆက်စပ်ပုံနှိပ်စာအုပ်များ၊ အဋ္ဌကထာစာပေများနှင့် သာသနာတော်ဆိုင်ရာ အထိမ်းအမှတ် အဆောက်အအုံများကို အထူးတလည် ထည့်သွင်းပြသထားသည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာတင်ပွဲနှင့် ဆက်စပ်သည့် မှတ်တမ်းများ၊ ဖိတ်ကြားစာများ၊ အခမ်းအနားတွင် အသုံးပြုခဲ့သော ပစ္စည်းများနှင့် သံဃာတော်ကြီးများ၏ နေထိုင်အသုံးပြုမှုဆိုင်ရာ အထောက်အထားများကိုလည်း ပြသထားပြီး ထေရဝါဒနိုင်ငံများမှ ပူးပေါင်းပါဝင်မှုများကိုပါ တွေ့မြင်နိုင်သည်။
သင်္ဂါယနာတင်ပွဲများကို သာသနာသက္ကရာဇ်အလိုက် အကြိမ်ကြိမ်ကျင်းပလာခဲ့ပြီး ဆဋ္ဌသင်္ဂါယနာတင်ပွဲကို ခရစ်နှစ် ၁၉၅၄ ခုနှစ်တွင် ဝန်ကြီးချုပ် ဦးနု လက်ထက် မဟာပါသာဏလိုဏ်ဂူတော်တွင် ကျင်းပခဲ့သည်။
ထိုအခမ်းအနားတွင် မြန်မာနိုင်ငံနှင့် ပြည်ပထေရဝါဒနိုင်ငံများမှ သံဃာတော် ၂၅၀၀ ပါဝင်ကာ နှစ်နှစ်တိုင် စုပေါင်းရွတ်ဆို၍ ပြုလုပ်ခဲ့ကြသည်။
ယခုနှစ် ၂၀၂၆ ခုနှစ်တွင် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်မြောက်လာခြင်းကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါအထူးပြပွဲကို ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓသာသနာတော် တည်တံ့ခိုင်မြဲရေးနှင့် သင်္ဂါယနာတင်သမိုင်းကို ပြည်သူများ ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။