
(နိုင်ငံတကာ)မေ ၄
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ပါရှန်းပင်လယ်ကွေ့မှ ဟော်မုဇ်ရေ လက်ကြားကို ဖြတ်သန်းသည့် ရေနံတင်ပို့မှုများ ပြတ်တောက်နေစဉ်အတွင်း OPEC+ အဖွဲ့က လာမည့် ဇွန်လအတွက် ရေနံအထွက်နှုန်းကို အနည်းငယ် တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။
“ရေနံစျေးကွက် တည်ငြိမ်ရေးကို အထောက်အပံ့ဖြစ်စေရန် စုပေါင်းကတိကဝတ်ပြုထားသည့်အတိုင်း ပါဝင်သည့် ၇ နိုင်ငံသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၁၈၈,၀၀၀ တိုးမြှင့်ထုတ်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်”ဟု OPEC+ က ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ သို့သော် ပြီးခဲ့သည့် သောကြာနေ့က အဖွဲ့မှ နုတ်ထွက်သွားသည့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ ထည့်သွင်းပြောကြားခြင်း မရှိပေ။
အဆိုပါ ထုတ်ပြန်ချက်ကို အယ်လ်ဂျီးရီးယား၊ အီရတ်၊ ကာဇက်စတန်၊ ကူဝိတ်၊ အိုမန်၊ ရုရှားနှင့် ဆော်ဒီအာရေးဘီးယား စသည့် ၇ နိုင်ငံတို့က တနင်္ဂနွေနေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် စစ်ပွဲရပ်တန့်သွားပါက အဖွဲ့အနေဖြင့် ရေနံပိုမိုတင်ပို့ရန် အသင့်ရှိနေကြောင်း ပြသရန်ဖြစ်သလို၊ UAE နိုင်ငံ နုတ်ထွက်သွားသော်လည်း အဖွဲ့၏လုပ်ငန်းစဉ်များကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်နေကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
သဘောတူညီချက်အရ ထိပ်တန်းရေနံထုတ်လုပ်သူ ဆော်ဒီအာရေးဘီးယား၏ ဇွန်လအတွက် ထုတ်လုပ်မှုပမာဏမှာ တစ်ရက်လျှင် စည်ပေါင်း ၁၀.၂၉၁ သန်းအထိ တိုးလာမည်ဖြစ်သော်လည်း ယင်းမှာ လက်ရှိအမှန်တကယ် ထုတ်လုပ်နိုင်စွမ်းထက် များစွာပိုနေ သည်။ ဆော်ဒီသည် မတ်လအတွင်းက တစ်ရက်လျှင် ရေနံစည် ၇.၇၆ သန်းသာ အမှန်တကယ် ထုတ်လုပ်နိုင်ခဲ့ကြောင်း OPEC ထံ အစီရင်ခံထားသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကြောင့် ဆော်ဒီ၊ အီရတ်နှင့် ကူဝိတ်တို့၏ ရေနံတင်ပို့မှုများမှာ အဟန့် အတားဖြစ်နေရသည်။ ရေလက်ကြား ပြန်လည်ပွင့်သွားလျှင်ပင် ရေနံစီးဆင်းမှု ပုံမှန်ပြန်ဖြစ်ရန် သီတင်း ပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ရေနံလုပ်ငန်းရှင်များက ခန့်မှန်းထား သည်။
လက်ရှိ ရေနံရရှိမှု ပြတ်တောက်နေခြင်းကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းမှာ လေးနှစ်အတွင်း အမြင့်ဆုံးအဖြစ် တစ်စည်လျှင် ၁၂၅ ဒေါ်လာကျော်အထိ မြင့်တက်လာနေသည်။ ယင်းကြောင့် နောက်ထပ် တစ်လ သို့မဟုတ် နှစ်လအတွင်း လေယာဉ်ဆီ ပြတ်လပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ငွေဖောင်းပွမှုနှုန်းလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။
#OPECPlus #OilPrices #HormuzStrait #GlobalEconomy #SaudiArabia #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN