ဘားအံမြို့တွင် (အခွန်လွတ်) တောင်သူလယ်သမားဈေး ဖွင့်လှစ်၍ ဒေသထွက်ကုန်များ တိုက်ရိုက်ရောင်းချ

(ပြည်တွင်း) မေ ၃

ဘားအံ မြို့ သီရိကွင်းတွင် ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်ကုန်များကို စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရန် ရည်ရွယ်၍ (အခွန်လွတ်) တောင်သူလယ်သမားဈေးကို ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါဈေးတွင် ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်တို့အပါအဝင် မွေးမြူရေးထုတ်ကုန်များနှင့် ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်း၊ ခရမ်းချဉ်၊ ချဉ်ပေါင်၊ ဗူးသီး၊ အာလူး၊ ဖရုံသီး စသည့် ဟင်းသီးဟင်းရွက်များကို အရည်အသွေးပြည့်ဝစွာ ရောင်းချလျက်ရှိသည်။

ထို့ပြင် ကရင်ပြည်နယ် ဆန်ကုန်သည်ကြီးများအသင်း နှင့် ဆီကုန်သည်ကြီးများအသင်း တို့မှ ပြင်ပဈေးထက် သက်သာသော ဆန်နှင့် စားသုံးဆီများကို ရောင်းချနေပြီး စုစုပေါင်း အရောင်းဆိုင်ခန်း ၃၀ ကျော်ဖြင့် ပြည်သူများထံ တိုက်ရိုက်ရောင်းချခြင်း ဖြစ်သည်။

ဤကဲ့သို့ တောင်သူများမှ တိုက်ရိုက်ရောင်းချနိုင်ခြင်းကြောင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရန်နှင့် စားသုံးသူများအတွက် သက်သာစေရန်အပြင် ဒေသခံ ထုတ်လုပ်သူများအတွက်လည်း အကျိုးရှိစေမည်ဖြစ်သည်။

အဆိုပါဈေးတွင် ရောင်းချနေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

တောင်သူလယ်သမားဈေးကို လစဉ် ပထမအပတ် စနေနေ့တိုင်း ဖွင့်လှစ်သွားမည်ဖြစ်ပြီး အနာဂတ်တွင် ဆိုင်ခန်းများနှင့် ကုန်ပစ္စည်းများကို ပိုမိုတိုးချဲ့ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN