(ပြည်တွင်း) မေ ၂
ပဲခူးတိုင်းဒေသကြီး(အရှေ့) ဝေါ မြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် တာဝန်ရှိသူများမှ ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းနှင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဧပြီ ၂၈ ရက်နေ့တွင် ဝေါမြို့နယ် ကျိုက်လှကျေးရွာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် သဘာဝမြေဩဇာအသုံးပြုမှုကို မြှင့်တင်ရန် ရည်ရွယ်၍ နွားကျင်ငယ်ရည်အသုံးပြု မြေဩဇာပြုလုပ်ခြင်းနှင့် EM ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းများအကြောင်း နည်းပညာပေးဆွေးနွေးပွဲကို ကျိုက်လှကျေးရွာ ကံဆင့်ကံပွင့်ဓမ္မရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ထို့နောက် မေ ၂ ရက်နေ့တွင် ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးခန်းမ၌ နွေစပါးရိတ်သိမ်းကာလအတွက် လိုအပ်သည့် စက်သုံးဆီများကို ဒုတိယအရစ်အဖြစ် ဖြန့်ဝေပေးခဲ့သည်။
ယင်းအစီအစဉ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင် နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်တိုးဝင်း တို့မှ ဦးဆောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဝေါမြို့နယ် အရှေ့ဘက်ကမ်းရပ်ကွက်ရှိ လယ်သမားတစ်ဦး၏ လယ်မြေတွင် EM ဘိုကာရှီ သဘာဝမြေဩဇာ ထုတ်လုပ်အသုံးပြုမှု အောင်မြင်နေမှုကိုလည်း တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြသည်။
ယင်းလုပ်ငန်းများသည် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးထုတ်လုပ်မှု မြှင့်တင်နိုင်ရေးနှင့် သဘာဝနည်းလမ်းများအသုံးပြုကာ ထိရောက်မှုရှိသော စိုက်ပျိုးရေးစနစ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။




#PAN