(ပြည်တွင်း) မေ ၁
မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ် သို့ သွားရောက်၍ လေဆိပ်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုံခြုံရေးစီမံချက်များကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက လေဆိပ်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုံခြုံရေးစီမံဆောင်ရွက်ထားရှိမှုများ၊ လေဆိပ်မီးသတ်ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် လေဆိပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးက ပြည်တွင်းနှင့် ပြည်ပခရီးသွားများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လေဆိပ်တာဝန်ခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့ပြင် လေဆိပ်အဆောက်အအုံအတွင်း ရောက်ရှိ/ထွက်ခွာခရီးသည်များအတွက် လုံခြုံရေးစစ်ဆေးမှုနေရာများနှင့် လေယာဉ်စောင့်ဆိုင်းနေရာများကို စနစ်တကျထားရှိရန်၊ ဝန်ထမ်းများအားလုံးတွင် လုံခြုံရေးအသိနှင့် သတိရှိစေရန် အလေးထားဆောင်ရွက်ရန်၊ လေဆိပ်မီးသတ်ဌာနအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်ရန်တို့ကိုလည်း မှာကြားခဲ့သည်။

ထို့အပြင် လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်း/တက်ပျံသန်းနိုင်ရေးနှင့် လေကြောင်းဆိုင်ရာ အထောက်အကူပြုစက်ကိရိယာများ အစဉ်အမြဲကောင်းမွန်စေရေးကို အလေးထားဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပြီး လက်ရှိဆောင်ရွက်ထားသည့် လုပ်ငန်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် မွန်ပြည်နယ် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များအား မှာကြားခဲ့ကြောင်း သိရသည်။
#PAN