(ပြည်တွင်း) ဧပြီ ၃၀

နိုင်ငံတော်သမ္မတရုံးက ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြင်ဆင်သည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၆) နှင့် (၂/၂၀၂၆) ကို ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အုပ်ချုပ်ရေးကော်မတီဖွဲ့စည်းပုံတွင် အရေးပါသော ပြောင်းလဲမှုများ ပါဝင်လာကြောင်း သိရသည်။
ပြင်ဆင်ချက်များအရ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများတွင် ယခင်ပါဝင်ခဲ့သည့် တပ်မတော်သားကိုယ်စားလှယ် မပါဝင်တော့ဘဲ အခြားအဖွဲ့ဝင်များကိုသာ ဆက်လက်ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ ယခု ပြင်ဆင်မှုသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်အမှတ် (၃/၂၀၂၅) နှင့် မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်အမှတ် (၄/၂၀၂၅) တို့၏ အပိုဒ် (၁၁) ကို အစားထိုး ပြင်ဆင်ခြင်းဖြစ်သည်။
ပြင်ဆင်ထားသည့် အပိုဒ် (၁၁) အရ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့က ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးသည် ကော်မတီဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်သည်။
အတွင်းရေးမှူးအဖြစ် ခရိုင်ရဲတပ်ဖွဲ့မှူး ပါဝင်မည်ဖြစ်ပြီး အဖွဲ့ဝင်များတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ဥပဒေအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးမှ တာဝန်ပေးအပ်သူတစ်ဦးတို့ ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဒေသတွင်အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “ယခုလို ဖွဲ့စည်းပုံ ပြင်ဆင်မှုသည် အုပ်ချုပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ဌာနဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ခြင်းဖြစ်သည်” ဟု ပြောကြားသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူမည်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးကို အတွင်းရေးမှူးအဖြစ် ခန့်အပ်မည်ဖြစ်သည်။
ထို့ပြင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဥပဒေရုံးနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ သတ်မှတ်ပေးအပ်သူတစ်ဦးတို့ကို အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းသွားမည်ဖြစ်သည်။