(ပြည်တွင်း) ဧပြီ ၂၉
ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၂၀ မိနစ်အထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းတို့နှင့်အတူ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ပါ လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဖေမောင်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းတို့က လွှတ်တော်အတွေ့အကြုံများကို မျှဝေရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



#PAN