ကိုလံဘီယာအဝေးပြေးလမ်းမပေါ်၌ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ ကျော်သေဆုံး – ရွေးကောက်ပွဲအကြို လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်

(နိုင်ငံတကာ)ဧပြီ ၂၈

     ​ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်း၊ ကော်ကာ (Cauca) ဒေသရှိ ပန်-အမေရိကန် အဝေးပြေးလမ်းမကြီးပေါ်၌ ပြင်းထန်သော ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

​     ဒေသအုပ်ချုပ်ရေးမှူး အော့တေးဗီးယိုး ဂူဇမန်၏ ထုတ်ပြန်ချက်အရ သေဆုံးသူများတွင် အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး ပါဝင်ပြီး အချို့သော မီဒီယာများကမူ သေဆုံးသူအရေအတွက်မှာ ၂၁ ဦးအထိ ရှိနိုင်ကြောင်း ဖော်ပြနေကြသည်။ ဒဏ်ရာရရှိသူများထဲတွင် အထူးကြပ်မတ်ကုသဆောင်၌ ကုသမှုခံယူနေရသူ ၃ ဦးနှင့် ဘေးအန္တရာယ်ကင်းစင်သွားပြီဖြစ်သော ကလေးငယ် ၅ ဦးလည်း ပါဝင်သည်။

​     ကိုလံဘီယာသမ္မတ ဂူစတာဗို ပက်ထရိုက ယခုတိုက်ခိုက်မှုသည် “မူးယစ်-အကြမ်းဖက်အဖွဲ့” (Narco-terrorist group) ၏ လက်ချက်ဖြစ်ကြောင်းနှင့် အလို ရှိဆုံးတရားခံဖြစ်သူ အီဗန် မော်ဒီစကို (Ivan Mordisco) ဦးဆောင်သော FARC ခွဲထွက်အဖွဲ့တွင် တာဝန်ရှိကြောင်း အမည်တပ် စွပ်စွဲပြောကြားခဲ့သည်။ ယခုဖြစ်စဉ်သည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ကိုလံဘီယာတွင် ဖြစ်ပွားခဲ့သော အသေအပျောက်အများဆုံး အကြမ်းဖက်မှုတစ်ခု ဖြစ်လာခဲ့သည်။

​     တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသူများအတွက် ကာဂျီဘီယိုမြို့အနီးရှိ ကျေးရွာသား ထောင်ပေါင်းများစွာသည် အဖြူရောင်ဝတ်စုံများ ဝတ်ဆင်ကာ ငြိမ်း ချမ်းရေးအတွက် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။ “နောက်ထပ် သေဆုံးမှုတွေ၊ အကြမ်းဖက်မှုတွေ မရှိပါ စေနဲ့တော့” ဟု သေဆုံးသူများ၏ မိသားစုဝင်များက ငိုကြွေးတောင်းဆိုခဲ့ကြသည်။

     ဤတိုက်ခိုက်မှုသည် လာမည့် မေလ ၃၁ ရက်နေ့တွင်ကျင်းပမည့် ကိုလံဘီယာသမ္မတရွေးကောက်ပွဲ မတိုင်မီ တစ်လကျော်အလိုတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် နှစ်က လူငယ်ကွန်ဆာဗေးတစ် သမ္မတလောင်းဖြစ်သူ မီဂွယ် အူရီဘေး တာဘေး (Miguel Uribe Turbay) လုပ်ကြံခံရသည့် ဖြစ်စဉ်ရှိခဲ့သဖြင့် ယခုဗုံးခွဲမှုကြောင့် နိုင်ငံအတွင်း လုံခြုံရေးကိစ္စရပ်မှာ လာမည့် သမ္မတရွေးကောက်ပွဲအတွက် အဓိကကျသော ကိစ္စရပ်တစ်ခု ဖြစ်လာနေသည်။

​#ColombiaBombing #Cauca #IvanMordisco #HighwayBlast #SecurityCrisis #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN