
(နိုင်ငံတကာ)ဧပြီ ၂၈
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်အနီးရှိ ဘီကာစီ (Bekasi) ဘူတာတွင် တနင်္လာနေ့ညနှောင်းပိုင်းက မြို့ပတ်ရထားတစ်စင်းနှင့် အမြန်ရထားတစ်စင်းတို့ ပြင်းထန်စွာ တိုက်မိခဲ့သဖြင့် အနည်းဆုံး လူ ၅ ဦး သေဆုံးကာ ၇၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစိုးရပိုင်ရထားလုပ်ငန်း (KAI) ၏ ထုတ်ပြန်ချက်အရ ရထားသံလမ်းကူးနေရာတစ်ခုတွင် တက္ကစီတစ်စီးက မြို့ပတ်ရထားကို သွားရောက်တိုက်မိခဲ့သဖြင့် ရထားမှာ သံလမ်းပေါ်တွင် ရပ်တန့်သွားခဲ့သည်။ ထိုသို့ရပ်နေစဉ်အတွင်း ဂျာကာတာမှ ဆူရာဘာယားသို့ ပြေးဆွဲသည့် Argo Bromo Anggrek အဆင့်မြင့်အမြန်ရထားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှား အမျိုးသားရှာဖွေကယ်ဆယ်ရေးအေဂျင်စီ (BASARNAS)မှ ကယ်ဆယ်ရေးသမားများသည် ယနေ့ (အင်္ဂါနေ့) နံနက်ပိုင်းအထိ အခင်းဖြစ်ရာနေရာ၌ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သည်။
တွန့်လိမ်ပျက်စီးသွားသော ရထားတွဲများအတွင်း အနည်းဆုံး ခရီးသည် ၄ ဦးခန့် အသက်ရှင်လျက် ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့ကို ကယ်ထုတ်နိုင်ရန် သတ္တုဖြတ် စက်များ အသုံးပြုကာ ခက်ခဲစွာ ကြိုးပမ်းနေရသည်။ဒဏ်ရာရရှိသူ ၇၉ ဦးကို အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ထားပြီး ဆေးဘက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ရထားလမ်းကွန်ရက် ဟောင်း နွမ်းမှုနှင့် လုံခြုံရေးအားနည်းသော လမ်းကူးများကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ်များတွင်လည်း လူသေဆုံးမှုများပြားသည့် ရထားမတော်တဆမှုကြီးများ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် အာဏာပိုင်များက သေဆုံးသူအရေ အတွက် ထပ်မံတိုးလာနိုင်သလားဆိုသည်ကို စိုးရိမ်လျက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါသည်။
#IndonesiaTrainCrash #Bekasi #Jakarta #TrainAccident #RescueOperation #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN