ရမည်းသင်းမြို့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၂၃


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ သီလဝခန်းမ၌ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဆောင် (ပြည်ခိုင်ဖြိုးပါတီ)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်မြင့် (ပြည်ခိုင်ဖြိုးပါတီ)၊ ရမည်းသင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း (ပြည်ခိုင်ဖြိုးပါတီ)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆန်း (ပြည်ခိုင်ဖြိုးပါတီ)၊ ဒေါ်သန်းသန်းအေး (ပြည်ခိုင်ဖြိုးပါတီ) နှင့် ဦးဟန်မောင် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့အပြင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ လွှတ်တော်အတွေ့အကြုံများကို ရှင်းလင်းမျှဝေခဲ့ကြပြီး ဒေသခံပြည်သူများမှ တင်ပြလာသည့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ချိတ်ဆက်ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#PAN