(ပြည်တွင်း) ဧပြီ ၂၃—
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်း ဒေသခံလယ်ယာမြေများ ရေဝင်ရောက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရေး ရည်ရွယ်၍ ရေထိန်းတံခါးတပ်ဆင်နိုင်ရေးအတွက် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုမှုတွင် အမရပူရခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဒေါ်စောမြိုင်၊ အမရပူရခရိုင်ပါတီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးဇော်အောင်ထက်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ ကော်မတီဝင် ဦးတင့်ဝေဦးတို့နှင့်အတူ ဘုန်းတော်နိုင်ငံကျေးရွာနှင့် တပ်ကြီးကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

တာဝန်ရှိသူများသည် ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ အိုးထုတ်တန်းကူးတို့ဆိပ်အနီးရှိ ငါးမျှားဝချောင်းထိပ်သို့ သွားရောက်ကာ ရေထိန်းတံခါးတပ်ဆင်နိုင်ရေးအခြေအနေများကို လေ့လာစစ်ဆေးခဲ့ကြသည်။
ငါးမျှားဝချောင်းသည် ဒုဌဝတီမြစ်နှင့် ဧရာဝတီမြစ်တို့ ဆုံရာအနီးတွင် တည်ရှိပြီး မြစ်ရေစောသည့်နှစ်များတွင် ယင်းချောင်းမှတစ်ဆင့် ရေများ ဝင်ရောက်လေ့ရှိသဖြင့် တပ်ကြီး၊ ဘုန်းတော်နိုင်ငံ၊ ကြည့်မြင်တိုင်၊ ဆေးအိုးဘို၊ ရဲလွန်းကျော်၊ ဖရဲကျွန်း၊ ဘနော၊ ချင်းရွာ၊ လိပ်ဆံခွန်၊ စားတော်၊ မြစ်တူး၊ ဆင်ရွာမြင်းမူး၊ လက်ပံဇင်၊ ပန်းချီ၊ ရွှေကြက်ယက် စသည့် ကျေးရွာအုပ်စု ၁၅ ခုအတွင်းရှိ တပေါင်းလမှ စတင်စိုက်ပျိုးပြီး နယုန်လကုန်တွင် ရိတ်သိမ်းသည့် နှမ်း၊ ပဲနှင့် နွေစပါးစိုက်ခင်းများသို့ ရေဝင်ရောက်ကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ယင်းအခြေအနေများနှင့်ပတ်သက်၍ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်မိရပ်ဖများမှ တင်ပြထားသည့် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#PAN