ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းမှုကြောင့် လျှပ်စစ်မီးယာယီပြတ်တောက်၊ မြစ်ကြီးနားမြို့တွင် အခမဲ့အားသွင်းဝန်ဆောင်မှုများ စီစဉ်ထား

(ပြည်တွင်း) ဧပြီ ၂၀

ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသဖြင့် လျှပ်စစ်မီး ယာယီပြတ်တောက်လျက်ရှိရာ ပြည်သူများ၏ နေ့စဉ်လျှပ်စစ်အသုံးပြုမှုအခက်အခဲ လျော့နည်းစေရေးအတွက် မြစ်ကြီးနားမြို့၌ အခမဲ့ လျှပ်စစ်အားသွင်းဝန်ဆောင်မှုများ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါဝန်ဆောင်မှုကို မြစ်ကြီးနားမြို့ရှိ လျှပ်စစ်ဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် နေ့စဉ် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိနှင့် ညနေ ၂ နာရီမှ ၄ နာရီအထိ ဖွင့်လှစ်ပေးထားပြီး EV ဆိုင်ကယ်၊ စက်ဘီး၊ မိုဘိုင်းဖုန်း၊ Power Bank များ၊ အားသွင်းမီးသီးနှင့် မီးလုံးများကို အခမဲ့လာရောက်အားသွင်းနိုင်ကြောင်း သိရသည်။

ဝန်ဆောင်မှုပေးနေသည့်နေရာများအနေဖြင့် ရန်ကြီးအောင်ရပ်ကွက်ရှိ မီးစက်ဝင်း၊ မြို့သစ်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် အရေးပေါ်မီးပျက်တိုင်ကြားရန်ဌာနနှင့် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်းတို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြေမြင့်၊ ရမ်ပူနှင့် အောင်နန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း မီးစက်များအသုံးပြု၍ လျှပ်စစ်အားသွင်းနိုင်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

ဧပြီ ၁၈ ရက် ညနေပိုင်းတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်တို့က အဆိုပါဝန်ဆောင်မှုနေရာများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးကာ ပြည်သူများအသုံးပြုနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပိုမိုအဆင်ပြေစွာ လျှပ်စစ်အသုံးပြုနိုင်ရေးအတွက် (၈ ပေ × ၄ ပေ) ဆိုလာပြားနှင့် 1800W Power Station တစ်စုံစီ စုစုပေါင်း (၁၈) စုံကို ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် မြစ်ကြီးနားနှင့် မိုးညှင်းခရိုင်အတွင်းရှိ လျှပ်စစ်အင်ဂျင်နီယာရုံးများ၊ ခွဲရုံများနှင့် Franchise ကုမ္ပဏီရုံး/ဌာန စုစုပေါင်း (၂၁) နေရာတွင်လည်း အားသွင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဆေးရုံ၊ ဘဏ်ကဲ့သို့ အရေးကြီးဌာနများတွင်လည်း ဌာနပိုင်မီးစက်များဖြင့် လျှပ်စစ်မီးပေးနိုင်ရေး စီမံထားရှိကြောင်း သိရပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြုပြင်ထိန်းသိမ်းမှုကာလအတွင်း ပြည်သူများ လျှပ်စစ်နှင့် ရေအခက်အခဲ မဖြစ်ပေါ်စေရေး ဆက်လက်စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။