
(မှုခင်း) ဧပြီ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ဧပြီ ၁၇ ရက် ညပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၇ ရက် ည ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ် (၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စိစစ်ချက်များအရ အဆိုပါလမ်းအတိုင်း မြောက်မှတောင်သို့ သန်လျင်မြို့နယ်၊ ဘုရားငါးဆူကျေးရွာနေ စောဆဲဒီဇိုင်းမောင်း (၃၆)နှစ် မောင်းနှင်လာသော YGN-39 4F/XXXX SUZUKI CARRY ယာဉ်သည် ကျိုက်ခေါက်ဘုရားရှေ့အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်နေသူ ဆားမလုံကျေးရွာနေ ဦးဆန်းဦး (၄၅)နှစ်နှင့် ရပ်တန့်ထားသော YGN-27 CC/XXXX DAIHATSU HIJET ယာဉ်တို့အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ဦးဆန်းဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း စောဆဲဒီဇိုင်းမောင်းအား သန်လျင်မြို့မရဲစခန်းတွင် ယာဉ် (ပ)၁၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။