
(နိုင်ငံတကာ) ဧပြီ ၁၆
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့လောင်စာဆီစျေးကွက် လှုပ်ခတ်နေချိန်တွင် ဩစတေးလျနိုင်ငံ၏ အကြီးဆုံးရေနံချက်စက်ရုံတစ်ရုံ၌ ကြီးမားသော မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နိုင်ငံအတွင်း လောင်စာဆီပြတ်လပ်မည့်အရေးကို စိုးရိမ်မှုများ မြင့်တက်လာကြောင်း သိရသည်။
ဝိတိုရိယပြည်နယ်၊ ဂျီလောင်မြို့ရှိ Viva Energy ကုမ္ပဏီပိုင် ရေနံချက်စက်ရုံတွင် ဗုဒ္ဓဟူးနေ့ညပိုင်းက မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်လွယ်သော ဓာတ်ငွေ့နှင့် အရည်များ ယိုစိမ့်မှုကြောင့် ပေါက် ကွဲမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြင်းထန်သော မီး လောင်မှုကြီး ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ကြာသပတေးနေ့ မွန်းတည့်ပိုင်းတွင်မှ မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ အဆို ပါစက်ရုံသည် ဩစတေးလျနိုင်ငံ၏ လောင်စာဆီလိုအပ် ချက် ၁၀ ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်ပေးနေသည့် အရေးပါသော နေရာတစ်ခုဖြစ်သည်။
ဩစတေးလျနိုင်ငံသည် ၎င်း၏ လောင်စာဆီလိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရခြင်းဖြစ်ပြီး၊ လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား ပိတ် ဆို့ခံထားရမှုကြောင့် စွမ်းအင်အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ယခုမီးလောင်မှုက ထပ်မံဖိအားဖြစ်စေခဲ့သည်။ လက်ရှိတွင် နိုင်ငံအတွင်း ဓာတ်ဆီအရန်အင်အား ၃၈ ရက်စာသာ ကျန်ရှိတော့သဖြင့် အစိုးရအနေဖြင့် ပြည်သူများကို လောင်စာဆီ ချွေတာသုံးစွဲကြရန်နှင့် အများပြည်သူသုံး ယာဉ်များကိုသာ အသုံးပြုကြရန် တိုက်တွန်းထားသည်။
မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်က ဩစတေးလျအတွက် လိုအပ်သည့် ဒီဇယ်ဆီ လီတာသန်း ၁၀၀ ကို ဘရူနိုင်းနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ထပ်မံရရှိရန် စီစဉ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ စွမ်းအင်ဝန်ကြီး ခရစ်ဘိုးဝမ်းကလည်း မီးလောင်မှုကြောင့် အောက်တိန်းဓာတ်ဆီထုတ်လုပ်သည့် အပိုင်း ပျက်စီးခဲ့သော်လည်း လေယာဉ်ဆီနှင့် ဒီဇယ်ထုတ်လုပ်သည့်အပိုင်းများကို အရေးပေါ်အဆို့ရှင်များအသုံးပြုကာ ကာကွယ်နိုင်ခဲ့ကြောင်း ဆိုသည်။
အစိုးရအနေဖြင့် ပြည်သူများအား လောင်စာဆီများကို အလုအယက် ဝယ်ယူစုဆောင်းခြင်း (Panic-buying) မပြုလုပ်ကြရန်နှင့် လိုအပ်သလောက်သာ ဝယ်ယူကြရန် အထူးမေတ္တာရပ်ခံထားပါသည်။
#Australia #GeelongRefinery #VivaEnergy #FuelCrisis #OilSecurity #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN