အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ သင်္ကြန်ပွဲတော်နိုင်ငံအဝှမ်းမှာ စည်ကားသိုက်မြိုက်နေ

(ပြည်တွင်း) ဧပြီ ၁၄


ပြည်ခိုင်ဖြိုးပါတီကရွေးချယ်တင်မြှောက်ခဲ့တဲ့ အစိုးရသစ်လက်ထက်မှာ ပထမဦးဆုံးကျင်းပတဲ့ ၂၀၂၆ ခုနှစ် မြန်မာရိုးရာအတာသင်္ကြန်ပွဲတွေကို မနေ့ကစလို့ နိုင်ငံအဝှမ်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြပါတယ်။

အီရန်နဲ့ အမေရိကန်စစ်ပွဲကြောင့် ကမ္ဘာနဲ့အဝှမ်းမှာ လောင်စာဆီအခက်အခဲတွေဖြစ်နေလို့ ရေပက်ခံကားတွေနဲ့ သင်္ကြန်လည်ပတ်တာတွေကို ကန့်သတ်ထားပေမယ့် လမ်းလျှောက်သင်္ကြန်တွေကို မြို့နယ်တွေမှာ ပြုလုပ်နေကြပါတယ်။

၂၀၂၀ ကိုဗစ်ကာလ၊ အင်အားပြင်းထန်လှတဲ့ မန္တလေးငလျင်ကြီးအပြင် နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မွန်းကြပ်လွန်းတဲ့ ပြည်သူတွေဟာ အစိုးရသစ်လက်ထက်မှာစည်ကားသိုက်မြိုက်စွာကျင်းပတဲ့ ဒီနှစ်သင်္ကြန်မှာ မွန်းကြပ်မှုတွေ မပြေလည်မှုတွေကို အတာရေနဲ့ဆေးကြောရင်း ပါဝင်ဆင်နွှဲနေကြပြီဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်မှာ အရင်နှစ်တွေထက်စာရင် ပိုပြီစည်ကားနေပါတယ်။ နေပြည်တော်က လမ်းလျှောက်သင်္ကြန်ကို လာရောက်လည်ပတ်သူတစ်ဦးကတော့ တစ်နှစ်တာလုံး ကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေကို အတာရေနဲ့ဆေးကြောချင်လို လာရောက်လည်ပတ်တာဖြစ်ပြီး သူလိုပဲအားလုံးကို ပျော်စေချင်တယ်လို့ ဆိုပါတယ်။

အစိုးရသစ်ကိုဘာများပြောချင်ပါသလဲလို့ PAN မေးမြန်းချက်အပေါ် လာရောက်လည်ပတ်သူတစ်ဦးကလည်း သမ္မတကြီး ဦးမင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရသစ်ဟာ ဒီမိုကရေစီအရေးအပြင် တိုင်းပြည်ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်သလို ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုပါ ဆောင်ရွက်ပေးစေလိုတယ်လို့ ပြောဆိုထားပါတယ်။

  • သင်္ကြန်အကြိုနေ့ နေပြည်တော်မြို့တော်ဝန်အတာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲမြင်ကွင်း