မိုးညှင်းမြို့နယ်တွင် ငွေကျပ် ၂,၂၀၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှု့ခင်း)ဧပြီ ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်လှိုင်ကျေးရွာနှင့် နန့်စီးအောင်ကျေးရွာတို့အနီးတွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၉ ရက်နေ့ နံနက်၁၀နာရီ ၄၅မိနစ်အချိန်က နန့်လှိုင်ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မိုးနိုင် နှင့် ရိမ်းပေါင် တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၆၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂,၀၅၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ဖမ်းဆီးရမိသည်။

အလားတူ ဧပြီလ ၁၀ ရက်နေ့ နံနပ်၇နာရီ၄၀မိနစ် အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည် မစမ်းအေး သယ်ဆောင်လာသော ပလတ်စတစ်ပုံးများအတွင်းမှ ဘိန်းစိမ်း အလေးချိန် ၁၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၁၅၆ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့‌ သဖြင့် မိုးနိုင်(၄၈)နှစ်၊ ရိမ်းပေါင်(၂၄)နှစ် နှင့် မစမ်းအေး(၅၆)နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။