အမေရိကန်-အီရန် အပစ်ရပ်စဲပြီးနောက် လက်ဘနွန်အပေါ် အစ္စရေး၏ ‘ရက်စက်ကြမ်းကြုတ်သော’ တိုက် ခိုက်မှုများအပေါ် ကမ္ဘာ့နိုင်ငံများ တုံ့ပြန်

(နိုင်ငံတကာ) ဧပြီ ၉

     အမေရိကန်နှင့် အီရန်တို့အကြား နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ထွက်ပေါ်လာပြီးနောက် ကမ္ဘာတစ်ဝန်းက ငြိမ်းချမ်းရေးအတွက် မျှော် လင့်ချက်များ ရှိနေစဉ်မှာပင်၊ အစ္စရေးတပ်ဖွဲ့များက လက်ဘနွန်နိုင်ငံတစ်ဝန်းကို အကြီးမားဆုံး လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် လူပေါင်း ရာနှင့်ချီ သေဆုံးကာ နိုင်ငံတကာ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

​     လက်ဘနွန် မြို့ပြကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဘေရွတ်၊ ဘီကာတောင်ကြားနှင့် လက်ဘနွန်တောင်ပိုင်းရှိ မြို့ရွာပေါင်းများစွာကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂၅၄ ဦး သေဆုံးပြီး ၁,၁၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် မတ်လ ၂ ရက်နေ့ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း အကြီးမားဆုံးဖြစ်ပြီး ဟစ်ဇ်ဘိုလာပစ်မှတ် ၁၀၀ ကျော်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

လက်ဘနွန် လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီ ကမူ ၎င်းတိုက်ခိုက်မှုများသည် “စစ်ရာဇဝတ်မှု” ဖြစ်ပြီး နိုင်ငံ တကာဥပဒေများကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာ တုံ့ပြန်ခဲ့သည်။

​     အဓိက အငြင်းပွားဖွယ်ရာအချက်မှာ ယခုအပစ်ရပ်စဲရေးတွင် လက်ဘနွန် ပါဝင်ခြင်း ရှိ၊ မရှိပင် ဖြစ် သည်။ ဝန်ကြီးချုပ် နေတန်ယာဟုနှင့် သမ္မတ ထရန့်တို့က လက်ဘနွန်သည် ယခုသဘောတူညီချက်တွင် မပါဝင်ဘဲ သီးခြားဖြစ်ကြောင်း၊ ဟစ်ဇ်ဘိုလာကို ဆက် လက်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုထား သည်။

     အီရန်နှင့် ကြားဝင်စေ့စပ်ပေးသည့် ပါကစ္စတန်တို့ကမူ အပစ်ရပ်စဲရေးတွင် လက်ဘနွန်လည်း အကျုံးဝင်သည်ဟု ဆိုသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အနေဖြင့် “အပစ်ရပ်မလား သို့မဟုတ် အစ္စရေးမှတစ်ဆင့် စစ်ကို ဆက်တိုက်မလား” တစ်ခုခုကို ရွေးချယ်ရန် သတိပေးထားသည်။

​     အစ္စရေး၏ လုပ်ရပ်အပေါ် ကမ္ဘာ့နိုင်ငံများက တုံ့ ပြန်ခဲ့ကြရာ စပိန်ဝန်ကြီးချုပ်က အစ္စရေး၏လုပ်ရပ်မှာ “သည်းခံနိုင်စရာမရှိ” ကြောင်းနှင့် EU အနေဖြင့် အစ္စရေးနှင့် သဘောတူညီချက်များကို ဆိုင်းငံ့ရန် တောင်းဆိုခဲ့သည်။ အီတလီကလည်း ဒုတိယဂါဇာကဲ့သို့ မဖြစ်စေရန် သတိပေးပြီး အစ္စရေးသံအမတ်ကို ဆင့်ခေါ်ခဲ့သည်။

     ကာတာ၊ အီဂျစ်နှင့် တူရကီတို့က လက်ဘနွန်၏ အချုပ်အခြာအာဏာကို ချိုးဖောက်မှုကို ရှုတ်ချခဲ့ပြီး၊ အစ္စရေးသည် ဒေသတွင်းကို “လုံးဝဥဿုံ ဖရိုဖရဲဖြစ်အောင်” တမင်ကြံစည်နေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

     ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က ယခုသတ် ဖြတ်မှုများသည် “တုန်လှုပ်ချောက်ချားဖွယ်ရာ” ဖြစ် ကြောင်းနှင့် အပစ်ရပ်စဲရေးကို အခွင့်ကောင်းယူကာ အသက်များကို ကယ်တင်ရန် တိုက်တွန်းခဲ့သည်။

​     လက်ရှိတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)က အစ္စရေး၏ လက်ဘနွန်အပေါ် တိုက်ခိုက်မှုများ မရပ်တန့်ပါက ပြန်လည်တုံ့ပြန်သွားမည်ဟု သတိ ပေးထားရာ၊ အမေရိကန်-အီရန် အပစ်ရပ်စဲရေး သဘောတူညီချက်မှာ စတင်ပြီး နာရီပိုင်းအတွင်းမှာပင် ပျက်ပြားသွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးတို့မှာ ယခု လက်ဘနွန်အရေးအပေါ် မူတည်နေကြောင်း ပညာရှင်များက သုံးသပ်နေကြသည်။

​#LebanonAttack #Israel #IranCeasefire #UN #MiddleEastConflict #HumanRights #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN