(ပြည်တွင်း) မတ် ၃၁
တတိယအကြိမ် ပြည်သူ့လွှတ်တော် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ အစည်းအဝေး (ဒုတိယနေ့)ကို မတ်လ ၃၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦးအနက် ၂၆၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းများ၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်းလျာနှစ်ဦးရှိသဖြင့် ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်မဲပေးကာ ရွေးချယ်တင်မြှောက်ခဲ့သည်။

ရွေးချယ်မှုရလဒ်အရ ထောက်ခံဆန္ဒမဲအများဆုံး ရရှိသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌက ကြေညာခဲ့သည်။ ထို့နောက် ရွေးချယ်တင်မြှောက်ခံရသော ဒုတိယသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အစည်းအဝေးကို နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် ရပ်နားခဲ့ကြောင်း သိရသည်။
#PAN