(ပြည်တွင်း) မတ် ၃၁
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

ပြည်နှင်လွှဲပြောင်းပေးခဲ့သူများမှာ ဖိလစ်ပိုင်နိုင်ငံသား ၂ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖြစ်ပြီး မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရှေးရှုကာ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ယင်းပြည်နှင်လွှဲပြောင်းပေးအပ်မှုကို မြဝတီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်သံရုံးမှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လိုအပ်သော အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြဝတီမြို့အနီးတွင် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်နေသည့် အိန္ဒိယနိုင်ငံသားတစ်ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

စာရင်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၁၇ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် ၁၃၄၀၄ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား ၁၂၁၃ ဦးအနက် ၇၄၁ ဦးကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကျန်ရှိသည့် ၄၇၂ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ပြင်ဆင်ထားကြောင်းနှင့် ၎င်းတို့ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိကြောင်း သိရသည်။
အာဏာပိုင်များအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် ဆက်နွယ်သော ကွန်ယက်များကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများနှင့် ဒုက္ခရောက်နေသည့် နိုင်ငံခြားသားများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန် ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း
#PAN