“QR Code စနစ်သစ်ဖြင့် ဆီရောင်းချမှုစတင်—မသမာမှုများကြောင့် ဆိုင်အချို့ပိတ်သိမ်း၊ ယာဉ်ဖြည့်တင်းမှုလျော့ကျ”

(ပြည်တွင်း) မတ် ၂၉

နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ Bar Code/QR Code စနစ်သစ်ဖြင့် ၂၀၂၆ ခုနှစ် မတ်လ ၂၇ ရက်နေ့မှ စတင်ကာ ရောင်းချပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။


အဆိုပါစနစ်ကို ပဲခူး၊ ပြင်ဦးလွင်နှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းအပါအဝင် အမြန်လမ်းမကြီးတစ်လျှောက်တွင်လည်း ယနေ့မှစတင် အသုံးပြုနေပြီဖြစ်ပြီး နည်းပညာဆိုင်ရာ အခက်အခဲများနှင့် မသမာမှုများကို ဖြေရှင်းနိုင်ရန် Online Monitoring Center မှ စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ ပြန်လည်ဖြေရှင်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


QR Code စနစ်အသုံးပြုမှုနှင့် စနစ်ဟောင်းတို့ကို နှိုင်းယှဉ်ကြည့်ရာတွင် စက်သုံးဆီဖြည့်တင်းသည့် ယာဉ်အရေအတွက်များ လျော့ကျသွားကြောင်း တွေ့ရှိရသည်။ မတ် ၂၅ ရက်နေ့တွင် ဆိုင်ကယ်နှင့် သုံးဘီးယာဉ် ၁၈၉,၉၀၇ စီး၊ မော်တော်ယာဉ် ၁၃၈,၁၅၇ စီး ဖြည့်တင်းခဲ့သော်လည်း မတ် ၂၇ ရက်နေ့တွင် ဆိုင်ကယ်နှင့် သုံးဘီး ၁၄၉,၆၉၀ စီး၊ မော်တော်ယာဉ် ၁၀၅,၃၄၅ စီးသို့ လျော့ကျသွားခဲ့သည်။ ထို့အပြင် မတ် ၂၆ ရက်နေ့နှင့် မတ် ၂၈ ရက်နေ့အကြားလည်း ဆင်တူသဘောဖြင့် လျော့ကျမှုများ တွေ့ရှိရသည်။


သို့ရာတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များမှ ရောင်းချမှုမပြုဘဲ ပိတ်ထားခြင်း၊ QR Code မစကန်ဘဲ ရောင်းချခြင်းနှင့် Taxi ယာဉ်များမှ ခွဲတမ်းစနစ်ကို မသမာအသုံးပြုခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေသော ဆိုင်များတွင် ယာဉ်တန်းစီမှု ပိုမိုလာကြောင်း စစ်ဆေးတွေ့ရှိရသည်။


ထိုကဲ့သို့ မသမာမှုများအပေါ် အရေးယူဆောင်ရွက်မှုအဖြစ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” ဆိုင်၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ “ရွှေခြင်္သေ့” နှင့် “အောင်သိဒ္ဓိ” စက်သုံးဆီအရောင်းဆိုင်များကို လိုင်စင်ယာယီပိတ်သိမ်းထားပြီး သက်ဆိုင်ရာ မန်နေဂျာများနှင့် ဝန်ထမ်းများကို ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ထို့အပြင် တရားမဝင် စက်သုံးဆီ သိုလှောင်ထားရှိမှုနှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လူတစ်ဦးအား စစ်ဆေးတွေ့ရှိထားပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်သော စက်သုံးဆီများကိုလည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၏ ထောက်ခံချက်ဖြင့် သတ်မှတ်ထားသော ဆိုင်များမှ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများအား စက်သုံးဆီဝယ်ယူမှုတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် မသမာမှုများကို Call Center သို့ တိကျစွာ တိုင်ကြားပေးရန် တိုက်တွန်းထားသည်။

#PAN