အီရန်စစ်ပွဲတွင် ဟူသီတို့ စစ်မျက်နှာသစ်ဖွင့်လှစ် – ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးပမ်းလာနိုင်သလား

(နိုင်ငံတကာသတင်းဆောင်းပါး)မတ် ၃၀

    ယီမင်အခြေစိုက် ဟူသီ (Houthi) သူပုန်များသည် အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြင့် အီရန်စစ်ပွဲအတွင်းသို့ ပါဝင်လာခဲ့သည်။ ဟူသီတို့ ပါဝင်လာမှုကြောင့် ကမ္ဘာ့ကုန်စည်ကူးသန်းရောင်းဝယ် ရေး၏ အဓိကကျသော ရေကြောင်းလမ်းကြောင်းဖြစ်သည့် ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေ လက်ကြားကို ပိတ်ဆို့သွားနိုင်ပြီး စစ်ပွဲ၏ နောက်ထပ်စစ်မျက်နှာသစ်တစ်ခု ပွင့်လာနိုင်ကြောင်း စစ်ရေးလေ့လာသူအချို့က သတိပေးထားကြသည်။

ဟူသီတို့၏ တိုက်ခိုက်မှုများ

     ဟူသီတပ်ဖွဲ့၏ စစ်ရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ယာဟ်ယာ ဆာရီ (Yahya Saree) က အီရန်ကျော ထောက်နောက်ခံပြု ဟူသီအဖွဲ့အနေဖြင့် အစ္စရေးကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ကြောင်း စနေနေ့တွင် ကြေညာခဲ့သည်။ တနင်္ဂနွေနေ့တွင်လည်း ခရုစ်ဒုံးကျည် (Cruise missiles) များနှင့် ဒရုန်းများကို အသုံးပြု၍ အစ္စရေးအပေါ် “ဒုတိယအကြိမ်မြောက် စစ်ဆင်ရေး” ဆင်နွှဲခဲ့ကြောင်း ၎င်းက ဆိုသည်။ အစ္စရေးအနေဖြင့် ၎င်း၏ တိုက်ခိုက်မှုနှင့် ကျူးကျော်မှုများကို ရပ်တန့်ခြင်းမရှိသရွေ့ ဟူသီတို့အနေဖြင့် လာမည့်ရက်များတွင် စစ်ရေးအရ ဆက်လက်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

     ဟူသီတို့အနေဖြင့် ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက်ကြားကို ပိတ်ဆို့နိုင်စွမ်းရှိခြင်းနှင့် ယီမင်နိုင်ငံပြင်ပရှိ အလှမ်းဝေးသော ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိခြင်းတို့ကြောင့်၊ ၎င်းတို့၏ သတိ ပေးချက်သည် ဒေသတွင်းစစ်ပွဲ တစ်ခုလုံးကို ပိုမိုကျယ်ပြန့်လာစေမည့် အလားအလာကို မြင့်တက်စေပါသလား။

ဟူသီတို့သည် အီရန်စစ်ပွဲအတွင်းသို့ အဘယ်ကြောင့် ပါဝင်လာကြသလဲ ?

လက်ရှိအခြေအနေ:  လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့နှင့် အီရတ်လက်နက်ကိုင်အဖွဲ့များကဲ့သို့ပင် ဟူသီ (Houthi) တို့သည် စစ်ပွဲအတွင်း ပါဝင်မည်ဖြစ်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

အီရန်နှင့် ဆက်ဆံရေး:  အီရန်နိုင်ငံက ဟူသီတို့ကို ၎င်းတို့၏ “ခုခံမှုဝင်ရိုးစွန်း” (Axis of Resistance) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဂုဏ်တင်ထားသော်လည်း၊ ဟူသီတို့၏ ဘာသာရေးအယူဝါဒမှာ ဟစ်ဇ်ဘိုလာနှင့် အီရတ်အဖွဲ့များကဲ့သို့ အီရန်၏ အဓိပတိခေါင်းဆောင် (Supreme Leader) ကို တိုက်ရိုက်နာခံခြင်းမျိုး မဟုတ်ပေ။ အီရန်သည် ဒေသတွင်းရှိ အစ္စရေးနှင့် အမေရိကန်တို့ကို ဆန့်ကျင်ရန် ရည်ရွယ်ချက်တူသည့် အဖွဲ့အစည်းများဖြင့် ဤ “ခုခံမှုဝင်ရိုးစွန်း” ကို တည်ဆောက်ထားခြင်း ဖြစ်သည်။

တီဟီရန်မှ သုံးသပ်ချက်:  တီဟီရန်မြို့မှ Al Jazeera သတင်းထောက် Tohid Asadi ၏ အဆိုအရ ဟူသီတို့ စစ်ပွဲအတွင်း ပါဝင်လာမှုကို အီရန်က ကြိုဆိုလိမ့်မည်ဟု ဆိုသည်။ “ပြီးခဲ့တဲ့ လအနည်းငယ်နဲ့ နှစ်တွေအတွင်းမှာ တီဟီရန်အရာရှိတွေက ယီမင်က ဟူသီတွေဟာ ရင်းနှီးတဲ့ မဟာမိတ်တွေဖြစ်တယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုနဲ့ လုပ်ဆောင်ချက်တွေကတော့ အများအားဖြင့် ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိနေပါတယ်” ဟု ၎င်းက သုံးသပ်ပြထား သည်။

အီရန်၏ ပထဝီနိုင်ငံရေး အမြတ်:  “ပထဝီနိုင်ငံရေးအရ ကြည့်မယ်ဆိုရင် အီရန်အနေနဲ့ ဟူသီတွေ ပါဝင်လာမှုကို ထူးခြားတဲ့ တိုးတက်မှုတစ်ခုအဖြစ် ရှုမြင်နိုင်ခြေရှိပါတယ်” ဟု တီဟီရန်အခြေစိုက် သတင်း ထောက်က ထပ်လောင်းပြောကြားခဲ့သည်။

​ကြိုတင်သတိပေးထားသည့် စစ်ဗျူဟာ:  နိုင်ငံတကာမူဝါဒစင်တာ (Center for International Policy) မှ အဆင့်မြင့်သုတေသနအဖွဲ့ဝင် နီဂါ မော်တာဇာဗီ (Negar Mortazavi) က ဟူသီတို့ စစ်ပွဲအတွင်း ပါဝင်လာခြင်းမှာ “အံ့ဩစရာမဟုတ်ကြောင်း” Al Jazeera သို့ ပြောကြားခဲ့သည်။ အီရန်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့ ယခင်က ပြောကြားခဲ့သည့်အတိုင်း ဖြစ်လာခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

     “ခြေလှမ်းတိုင်းဟာ သူတို့ ကြိုတင်အချက်ပြခဲ့တာတွေ၊ ခြိမ်းခြောက်ခဲ့တာတွေပါပဲ။ စစ်ပွဲမစခင်ကတည်း က အီရန်ဟာ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အိမ်နီးချင်းနိုင်ငံတွေကို သွား ရောက်ပြီး ဒီစစ်ပွဲဟာ သူတို့နယ်စပ်အတွင်းမှာတင် ရှိနေမှာမဟုတ်ဘူး၊ ဒေသတွင်းစစ်ပွဲကြီးတစ်ခုအဖြစ် ချက်ချင်းပြောင်းလဲပစ်မယ်လို့ သတိပေးခဲ့ဖူးပါတယ်” ဟု မော်တာဇာဗီက ရှင်းပြသည်။

​သံတမန်ဟောင်းတစ်ဦး၏ အမြင်:  သို့သော်လည်း အမေရိကန်သံတမန်ဟောင်း နဘီးလ် ခေါ်ရီ (Nabeel Khoury) ကမူ ဟူသီတို့ အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခြင်းမှာ “ပုံပြပါဝင်မှု (Token participat – ion)” မျှသာဖြစ်ပြီး၊ “စစ်ပွဲတစ်ခုလုံးတွင် အပြည့်အဝ ပါဝင်ဆင်နွှဲခြင်း (Full participation)” မဟုတ်သေးကြောင်း Al Jazeera သို့ သုံးသပ်ပြောကြားခဲ့သည်။

ဟူသီတို့၏ စစ်ရေးသတိပေးချက်:  “အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကြောင့် ဟူသီတွေဟာ သတိပေးတဲ့အနေနဲ့ ဒုံးကျည်အချို့ကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ အမေရိကန်တပ်ဖွဲ့တွေဟာ ဒီဒေသကို ဦးတည်လာနေပြီဖြစ်သလို၊ အကယ်၍ သဘောတူညီမှုမရဘူးဆိုရင် အီရန်အပေါ် အရင်ကမမြင်ဖူးသေးတဲ့ အတိုင်းအတာနဲ့ အပြည့်အဝ တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်” ဟု ယီမင်နိုင်ငံဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ဟောင်းက Al Jazeera သို့ ပြောကြားခဲ့သည်။

    ၎င်းက ဆက်လက်၍ “ဟူသီတွေ ပြောချင်တာက ‘ငါတို့ ဒီမှာရှိနေသေးတယ်၊ တကယ်လို့ မင်းတို့က အီရန်ကို အကုန်အစင် တိုက်ခိုက်တော့မယ်ဆိုရင် ငါတို့လည်း စစ်ပွဲထဲ ခုန်ဝင်မယ်’ ဆိုတာပါပဲ။ ဒါပေမဲ့ အခုအချိန်အထိတော့ သူတို့ အပြည့်အဝ ပါဝင်ခြင်း မရှိသေးပါဘူး” ဟု ဆိုသည်။

အနီရောင်စည်း (Red Line):   အကယ်၍ ဟူသီတို့ စစ်ပွဲထဲ အမှန်တကယ် ပါဝင်လာပါက ၎င်းတို့၏ အထိရောက်ဆုံးခြေလှမ်းမှာ ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက်ကြားကို သင်္ဘောများ၊ မှိုင်း (Mines) များ သို့မဟုတ် ဒုံးကျည်များဖြင့် ပိတ်ဆို့ခြင်းပင် ဖြစ်လိမ့်မည်ဟု သံတမန်ဟောင်း ခေါ်ရီ (Khoury) က သုံးသပ်သည်။

     “ဖြတ်သန်းလာတဲ့ သင်္ဘောအချို့ကို ပစ်ခတ်လိုက်ရုံနဲ့တင် ပင်လယ်နီ (Red Sea) တစ်လျှောက် ကုန်သွယ် ရေးသင်္ဘောတွေ သွားလာမှုအားလုံး ရပ်တန့်သွားပါလိမ့်မယ်။ ဒါဟာ ကျော်မတက်ရမယ့် ‘အနီရောင်စည်း’ ဖြစ်ပြီး၊ အဲ့ဒီအခါမှာ ယီမင်အပေါ် တိုက်ခိုက်မှုတွေကို အရှိန်အဟုန်နဲ့ မြင်တွေ့ရမှာပါ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း:   အီရန်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဖြတ် သန်းသည့် သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ ရေလမ်းကြောင်းမှတစ်ဆင့် ရေနံနှင့် ဓာတ်ငွေ့ သယ်ယူပို့ဆောင်မှုများမှာ လုံးဝနီးပါး ရပ်ဆိုင်းသွားခဲ့သည်။ ဤပိတ်ဆို့မှုကြောင့် တစ်ကမ္ဘာလုံးတွင် စွမ်းအင်အကျပ်အတည်း ဖြစ်ပေါ်နေပြီး နိုင်ငံအသီးသီး၏ စီးပွားရေးတွင် ငွေကြေးဖောင်းပွမှု ဖိအားများ မြင့်တက်လာနေသည်။ အချို့နိုင်ငံများတွင် စွမ်း အင်ချွေတာရန်အတွက် လောင်စာဆီခွဲတမ်းဖြင့် ရောင်း ချခြင်း (Fuel rationing) နှင့် အလုပ်လုပ်ချိန် လျှော့ချခြင်းများကိုပင် ပြုလုပ်နေရပြီဖြစ်သည်။

ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက်ကြားသည် ဘယ်နေရာမှာ ရှိသလဲ ?

တည်နေရာနှင့် ပထဝီဝင်:   ဤရေလက်ကြားသည် အရှေ့မြောက်ဘက်ရှိ ယီမင်နိုင်ငံ နှင့် အနောက်တောင်ဘက်ရှိ အာဖရိကဦးချိုဒေသ (Horn of Africa) မှ ဂျီဘူတီ (Djibouti) ၊ အီရီထရီးယား (Eritrea) နိုင်ငံများအကြားတွင် တည်ရှိသည်။ ၎င်းသည် ပင်လယ်နီ (Red Sea) နှင့် အေဒင်ပင်လယ်ကွေ့ (Gulf of Aden) တို့ကို ဆက်သွယ်ပေးထားပြီး ထိုမှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စီးဝင်သွားသည်။ ဤရေလက်ကြားသည် အကျဉ်းဆုံးနေရာ၌ ၂၉ ကီလိုမီတာ (၁၈ မိုင်) သာ ကျယ်ဝန်းပြီး သင်္ဘောများ အဝင်အထွက်အတွက် လမ်းကြောင်းနှစ်ခုသာ ရှိသည်။ လက်ရှိတွင် ဤနေရာကို ဟူသီ (Houthi) အဖွဲ့က လက်တွေ့ကျကျ ထိန်းချုပ်ထားသည်။

ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါပုံ:   ၎င်းသည် ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်စည်ပို့ဆောင်ရေးတွင် အရေးပါဆုံး လမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် ပင်လယ်ကွေ့နိုင်ငံများမှ ထွက်ရှိသော ရေနံစိမ်းနှင့် လောင်စာဆီများကို ဆူးအက်တူးမြောင်း (Suez Canal) သို့မဟုတ် အီဂျစ်နိုင်ငံရှိ ပိုက်လိုင်းများမှတစ်ဆင့် မြေထဲပင်လယ် (Mediterranean) ဒေသသို့ ပို့ဆောင်ရာတွင် အဓိက အသုံးပြုရသည်။ ထို့အပြင် ရုရှားရေနံအပါအဝင် အာရှသို့ ဦးတည်သည့် ကုန်စည်များအတွက်လည်း မရှိမဖြစ်လိုအပ်သော လမ်းကြောင်းဖြစ်သည်။

စီးပွားရေးအရ ထိုးနှက်ချက်:   ယီမင်နိုင်ငံ၊ ဆာနား (Sanaa) မြို့မှ Al Jazeera သတင်းထောက် Yousef Mawry ၏ ပြောကြားချက်အရ ဟူသီတို့အတွက် ဤစစ်ပွဲတွင် အသုံးပြုမည့် အဓိက “ဖဲချပ်” (Main card) မှာ ဘပ်အယ်လ်မန်ဒက် ရေလက်ကြားပင် ဖြစ်သည်။
​”အမေရိကန်နဲ့ အစ္စရေး သင်္ဘောတွေအတွက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) က ပိတ်ဆို့ခံထားရပြီးသားပါ။ အကယ်၍ ဟူသီတွေကသာ ဘပ်အယ်လ်မန်ဒက် ရေလက်ကြားကိုပါ ထပ်မံပိတ်ဆို့ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် အစ္စရေးအတွက် စီးပွားရေးအခြေအနေဟာ အဆပေါင်းများစွာ ပိုမိုဆိုးရွားသွားပါလိမ့်မယ်” ဟု Mawry က ဆိုသည်။

လက်ရှိအခြေအနေနှင့် နောက်တစ်ဆင့် (Next Phase):   “လက်ရှိအချိန်အထိတော့ အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ သင်္ဘောတွေအပါအဝင် အားလုံးဟာ ဒီရေလမ်းကြောင်းကနေ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပါသေးတယ်။ ယီမင်လက်နက် ကိုင်အဖွဲ့ (ဟူသီ) ဟာ အခုအချိန်အထိတော့ ပိတ်ဆို့မှု မပြုလုပ်သေးပါဘူး။ ဒါပေမဲ့ အကယ်၍ အစ္စရေးက ယီမင်ရဲ့ ဟိုဒေဒါ (Hodeidah) ဆိပ်ကမ်းကိုဖြစ်စေ၊ အရပ်ဘက်နဲ့ အများပိုင် အခြေခံအဆောက်အအုံတွေကိုဖြစ်စေ ပစ်မှတ်ထား တိုက်ခိုက်လာမယ်ဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ဒီရေလက်ကြားကို ပိတ်ဆို့လာဖို့ မျှော် လင့်ရပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဟူသီတို့သည် ဘပ်အယ်လ်မန်ဒက်(Bab al-Mandeb) ရေလက်ကြားကို အမှန်တကယ် ပိတ်ဆို့နိုင်ပါသလား ?

အစီအစဉ်နှင့် အလားအလာ:   ကမ္ဘာ့အလုပ်အရှုပ်ဆုံး ပင်လယ်ရေကြောင်းလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည့် ဤရေလက်ကြားကို ပိတ်ဆို့ရန် အစီအစဉ် ရှိ၊ မရှိကို ဟူသီ (Houthi) အဖွဲ့နှင့် အီရန်တို့ဘက်မှ တစ်စုံတစ် ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အီရန်၏ သတိပေးချက်:   သို့သော်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမည်မဖော်လိုသည့် အီရန်စစ်ဘက်အရာရှိတစ်ဦးက အကယ်၍ အီရန်ပိုင်နက် သို့မဟုတ် ကျွန်းစုများအပေါ် တိုက်ခိုက်မှုများ ရှိလာပါက ဘပ်အယ်လ်မန်ဒက် ရေလက်ကြားတွင် စစ်မျက်နှာသစ်တစ်ခု ဖွင့်လှစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု အီရန်၏ Tasnim သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ဟူသီတို့၏ ရွေးချယ်စရာ:   ထို့နောက် စနေနေ့တွင် ဟူသီအဖွဲ့၏ ပြန်ကြားရေးဒုဝန်ကြီး မိုဟာမက် မန်ဆာ (Mohammed Mansour) က “ကျွန်တော်တို့ဟာ ဒီစစ်ပွဲကို အဆင့်လိုက် ဆောင်ရွက်နေတာဖြစ်ပြီး ဘပ်အယ်လ်မန်ဒက် ရေလက်ကြားကို ပိတ်ဆို့ဖို့ဆိုတာဟာ ကျွန်တော်တို့ရဲ့ ရွေးချယ်စရာတွေထဲမှာ ပါဝင်ပါတယ်” ဟု ဒေသတွင်းမီဒီယာများကို ပြောကြားခဲ့သည်။

စစ်ရေးဆန်းစစ်ချက်:   Al Jazeera သတင်းထောက် Asadi ၏ အဆိုအရ အီရန်သည် ယခုစစ်ပွဲတွင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အသုံးပြု၍ အသာစီးရရန် ကြိုးပမ်းခဲ့သော်လည်း၊ ယခုအခါ အာရုံ စိုက်မှုမှာ နောက်ထပ် အချက်အခြာကျသောနေရာဖြစ်သည့် ဘပ်အယ်လ်မန်ဒက် ရေလက်ကြားသို့ ပြောင်းလဲလာနေပြီ ဖြစ်သည်။ “အကယ်၍ အဆိုပါလမ်းကြောင်းကိုသာ အနှောင့်အယှက်ပေးနိုင်မယ်ဆိုရင် အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ အီရန်နဲ့ သူ့ရဲ့မဟာမိတ်တွေအတွက် နောက်ထပ် အသာစီးရမယ့် အခွင့်အရေးတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု ၎င်းက သုံးသပ်ထားသည်။

အိမ်မက်ဆိုးသဏ္ဌာန် အခြေအနေ:   ကင်းဘရစ်ချ်တက္ကသိုလ်၊ Girton College ၏ ဥက္ကဋ္ဌနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ အဲလစ်ဇဘက် ကန်ဒေါ (Elisabeth Kendall) က အကယ်၍ ဤရေလက် ကြား ပိတ်ဆို့ခံရပါက “အိမ်မက်ဆိုးသဏ္ဌာန် အခြေ အနေ (Nightmare scenario)” ဖြစ်လာလိမ့်မည်ဟု Al Jazeera သို့ ပြောကြားခဲ့သည်။

     “ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှာ ကန့်သတ်ချက်တွေ ရှိနေချိန်မှာပဲ ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) မှာပါ တင်းမာမှုတွေ မြင့်တက်လာမယ်ဆိုရင်၊ ဥရောပကို ဦးတည်တဲ့ ကုန်သွယ်ရေးဟာ အကြီးအကျယ် အနှောင့်အယှက်ဖြစ်ရုံတင်မကဘဲ လုံးဝရပ်ဆိုင်း (Cripple) သွားနိုင်ပါတယ်။ ဒါကြောင့် အခုအခြေအနေဟာ နောက်ထပ် ဘာဖြစ်လာမလဲဆိုတာအပေါ် မူတည်နေတဲ့ အလွန်စိုးရိမ်ရတဲ့ အနေအထား (Knife edge) ဖြစ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

စစ်ရေးဗျူဟာ အပြောင်းအလဲ:   ဆော်ဒီအာရေဗျနိုင်ငံက ရေနံတင်ပို့ရန် အစားထိုးအသုံးပြုနေသည့် ပင်လယ်နီကမ်းရိုးတန်းရှိ ယန်ဘူး (Yanbu) လမ်း ကြောင်းကိုပါ တိုက်ခိုက်လာမည်ဆိုပါက ယင်းမှာ “စစ်ကစားပွဲကို အလှည့်အပြောင်းဖြစ်စေမည့်အချက် (Game-changer)” ဖြစ်လာလိမ့်မည်ဟု ကန်ဒေါက ထောက် ပြသည်။ သို့သော်လည်း ဤနေရာသည် ဟူသီတို့အတွက် အချက်အခြာကျသည့်နေရာဖြစ်သော်လည်း၊ ဆော်ဒီအာရေဗျ သို့မဟုတ် နိုင်ငံတကာ ၏ ပိုမိုပြင်းထန်သော တုံ့ပြန်မှုများကို ဟူသီတို့ဘက်က ဖိတ်ခေါ်လိုမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။

ဟူသီတို့၏ တွက်ချက်မှု:   International Crisis Group မှ ယီမင်နိုင်ငံဆိုင်ရာ အဆင့်မြင့်သုတေသနအရာရှိ အာမက် နာဂီ (Ahmed Nagi) ကမူ ဟူသီတို့၏ လက်ရှိရပ်တည်ချက်မှာ အားနည်း၍ ထိန်းချုပ်နေခြင်းမျိုးမဟုတ်ဘဲ သေချာစွာ တွက်ချက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ “ဒီနေ့မှာ ဟူသီတွေဟာ ပင်လယ်နီကို တိုက်ခိုက်တာမျိုး ဒါမှမဟုတ် ပင်လယ်နီမှာ စစ်ရှိန်မြှင့်ဖို့ ပြောဆိုတာမျိုး မရှိသေးပါဘူး။ သူတို့ဟာ အစ္စရေးကို တိုက်ရိုက်ပဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်” ဟု နာဂီက ထောက်ပြထားသည်။

ဗျူဟာမြောက် ရွေးချယ်မှု:  “ဒီရွေးချယ်မှုဟာ အလွန် အရေးကြီးပါတယ်။ ပင်လယ်နီ (Red Sea) နဲ့ အေဒင်ပင်လယ်ကွေ့ (Gulf of Aden) ကို ဆက်သွယ်ပေးထားတဲ့ ဘပ်အယ်လ်မန်ဒက် (Bab al-Mandeb) ရေလက် ကြားဟာ ကမ္ဘာ့စီးပွားရေးရဲ့ အထိခိုက်မခံနိုင်ဆုံး သွေး ကြောတွေထဲက တစ်ခုအဖြစ် ရှိနေဆဲပါ။ ကမ္ဘာ့ကုန် သွယ်ရေးရဲ့ ၁၀ ရာခိုင်နှုန်းခန့်နဲ့ ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှု အတော်များများဟာ ဒီရေလမ်းကြောင်းကနေ ဖြတ် သန်းသွားလာနေတာ ဖြစ်ပါတယ်” ဟု အဆင့်မြင့်သုတေသနအရာရှိ အာမက် နာဂီ (Ahmed Nagi) က ပြောကြားခဲ့သည်။

​အီရန်၏ စေ့စပ်ညှိနှိုင်းရေး ဖဲချပ်:   လက်ရှိအချိန်တွင် ဟူသီတို့သည် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကို တီဟီရန် (အီရန်အစိုးရ) ၏ ကျယ်ပြန့်သော မဟာ ဗျူဟာနှင့် တစ်သားတည်းဖြစ်အောင် ချိန်ညှိဆောင် ရွက်နေကြောင်း နာဂီက သုံးသပ်သည်။

     “သူတို့ရဲ့ ရည်ရွယ်ချက်က အီရန်အစိုးရရဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာ အထောက်အပံ့ဖြစ်စေဖို့ပါပဲ။  သူတို့ဟာ ဒီပဋိပက္ခကနေ ထွက်ပေါက်တစ်ခုခု ရှိလာနိုင်မယ်လို့ လောင်းကြေးထပ်ထားပုံရပြီး၊ အဲ့ဒီလိုသာ ဖြစ်လာခဲ့ရင် ဘပ်အယ်လ်မန်ဒက် ရေလက်ကြားကို (ပိတ်ဆို့ဖို့) အသုံးပြုဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
(Al Jazeera သတင်းထောက် Priyanka Shankar ၏ Houthis open new front in Iran war: Will Yemeni group block Bab al-Mandeb? သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

​#HouthiRebels #BabAlMandeb #GlobalTradeCrisis #MiddleEastWar #IranStrategy #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN