

(မှုခင်း) မတ် ၂၈
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ပြည်တော်သာရပ်ကွက်တွင် မတ်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုမှာ ပိုင်ရှင် ဒေါ်မဗွေ (၆၀ နှစ်) ပိုင်ဆိုင်သည့် ၄၀ x ၃၀ ပေ အရွယ်ရှိ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အိမ်ငှားဖြစ်သူ ဦးအောင်မြတ်စိုး (၅၃ နှစ်) သည် မီးဖိုခန်းတွင် ဂတ်စ်အိုးဖြင့် ချက်ပြုတ်နေစဉ် ဂတ်စ်ယိုစိမ့်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးအောင်မြတ်စိုးသည် မီးဟပ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ် မီးသတ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်၊ မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီတွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ယင်းမီးလောင်မှုကြောင့် နှစ်ထပ်နေအိမ်တစ်လုံးလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးအောင်မြတ်စိုးအား တောင်ကြီးမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။