ရွှေမော်ဓောဘုရားပွဲ လူပင်လယ်တမျှစည်ကား—ဇာတ်သဘင်ထူးခြားမှုကြောင့် ပရိသတ်အလွန်အမင်းဝင်ရောက်

(ပြည်တွင်း) မတ် ၂၈

ပဲခူးမြို့ရှိ နှစ်ပေါင်းနှစ်ထောင်ကျော် သမိုင်းဝင် ရွှေမော်ဓော စေတီတော်မြတ်ကြီး၌ ကျင်းပလျက်ရှိသော ဗုဒ္ဓပူဇနိယ ဘုရားပွဲကြီးကို မတ်လ ၂၇ ရက်နေ့ ညနေပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် ဇာတ်သဘင်အပြင်အဆင် ထူးခြားသစ်လွင်မှုများကြောင့် လူပင်လယ်တမျှ စည်ကားလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဘုရားပွဲတွင် ဇာတ်သဘင်လောက ပြန်လည်လှုပ်ရှားလာခြင်းနှင့်အတူ နာမည်ကျော် ဇာတ်အဖွဲ့များ ပါဝင်ဖျော်ဖြေကြပြီး ပရိသတ်များ၏ အားပေးမှု မြင့်မားလျက်ရှိကြောင်း သိရသည်။

အထူးသဖြင့် မင်းသား ဖိုးချစ်၏ ဇာတ်ရုံတွင် ဇာတ်လေးဇာတ်ပေါင်း ဖျော်ဖြေကာ ပွဲကြည့်စင်ကို ဆိုဖာခုံများဖြင့် အဆင့်လိုက် ပြင်ဆင်ထားခြင်းကြောင့် ပရိသတ်များအကြား စိတ်ဝင်စားမှု ပိုမိုမြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတစ်ဝှမ်းမှ ဧည့်သည်များ အများအပြား လာရောက်ကြသဖြင့် ပွဲဈေးတန်းများနှင့် အစားအသောက်ဆိုင်များတွင် စည်ကားလျက်ရှိပြီး နယ်မှ လှည်းတပ်ကြီးများအတွက်လည်း နေရာများကို ကျယ်ကျယ်ပြန့်ပြန့် စီစဉ်ထားရကြောင်း သိရသည်။

ဧည့်ဝင်များပြားမှုကြောင့် စားသောက်ဆိုင်အချို့တွင် သုံးရက်စာ စားသောက်ကုန်များကို တစ်ရက်အတွင်းကုန်ဆုံးသွားခြင်းနှင့် စားအုန်းဆီ ရရှိရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း ဆိုင်ရှင်များက ပြောကြားသည်။

ဇာတ်သဘင်ပွဲများတွင် ဖျာပေါက်ဈေးနှုန်းများသည် တစ်သိန်းမှ သုံးသိန်းကျပ်အထိ မြင့်တက်လာပြီး ဖျာနေရာများ ကျဉ်းမြောင်းမှုအပေါ် ပရိသတ်အချို့မှ စောဒကတက်နေကြကြောင်း သိရသည်။

ထို့ပြင် ပွဲလက်မှတ်များကို နေကုန်နေခမ်း စောင့်ဆိုင်းဝယ်ယူရသည့်အထိ ဝယ်လိုအား မြင့်တက်လျက်ရှိသည်။ပွဲတော်ကာလအတွင်း သဘင်သည်များသည် ပရိသတ်များ၏ အားပေးမှုကြောင့် မနက် ၈ နာရီအထိ ဆက်လက်ဖျော်ဖြေကြပြီး ပွဲတော်အရှိန်အဟုန်ကို ပိုမိုတိုးမြှင့်စေခဲ့ကြောင်း သိရသည်။

ယခုနှစ် ဘုရားပွဲကို ၁၅ ညကြာ ကျင်းပသွားမည်ဖြစ်ပြီး တန်ခူးလပြည့်နေ့ဖြစ်သည့် ဧပြီလ ၁ ရက်နေ့တွင် သံဃာတော် အပါး ၅၀၀ ခန့်အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပမည်ဖြစ်ကာ ပြည်သူများနှင့်အတူ အနုပညာရှင်များလည်း ပါဝင်ကုသိုလ်ယူကြမည်ဖြစ်ကြောင်း သိရသည်။

လူအုပ်အများအပြား တက်ရောက်နေသဖြင့် လုံခြုံရေးဆိုင်ရာ စီမံချက်များကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက အထူးတိုးမြှင့်ဆောင်ရွက်ထားကြောင်း သိရသည်။