အစ္စရေးနိုင်ငံ၊ တယ်အဗစ်မြို့တွင် ထောင်ပေါင်းများစွာသော ကျီးကန်းများ မြို့ကိုစွန့်ခွာနေသည့် ထူးဆန်းသောဖြစ်စဉ်တစ်ခု ဖြစ်ပွားနေ

(နိုင်ငံတကာ)မတ် ၂၆

    အစ္စရေးနိုင်ငံ၊ တယ်အဗစ် (Tel Aviv) မြို့တွင် ထောင်ပေါင်းများစွာသော ကျီးကန်းများသည် မြို့အတွင်းမှ အုပ်စုလိုက် စွန့်ခွာပျံသန်းနေကြသည်ကို မြင်တွေ့နေရပြီး ယင်းဖြစ်စဉ်က လူအများ၏ အာ ရုံစိုက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနေသည်။

     လူအများစုအတွက်မူ ယခုဖြစ်စဉ်သည် သာမန်သဘာဝအလျောက် ဖြစ်ပျက်ခြင်းမျိုး မဟုတ်ဟု ယူဆနေကြသည်။ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာ အမျိုးမျိုးတွင် ငှက်အုပ်ကြီးများ (အထူးသဖြင့် ကျီးကန်းများ) ရုတ်တရက် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းကို “ဘေးအန္တရာယ်တစ်ခုခု ကျရောက်တော့မည့် နိမိတ်” သို့မဟုတ် “လာလတ္တံ့သော ဘေးဒုက္ခ၏ ရှေ့ပြေးနိမိတ်” အဖြစ် ရှေးယခင်ကတည်းက ရှုမြင်ခဲ့ကြသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အဓိကကျသော အကျပ်အတည်းများ သို့မဟုတ် ကြီးမားသော ပျက် စီးဆုံးရှုံးမှုများနှင့် ဆက်စပ်နေလေ့ရှိသည်။

ကောင်းကင်ယံတစ်ခုလုံး မည်းမှောင်သွားစေလောက်အောင် ပျံသန်းသွားသည့် ကျီးကန်းအုပ်ကြီးများ၏ ဗီဒီယိုဖိုင်များနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်များက ဒေသတွင်းရှိ တင်းမာနေသော အခြေအနေများနှင့်အတူ စိုးရိမ်ပူပန်မှုများကို ပိုမိုမြင့်တက်စေခဲ့သည်။

     သို့သော်လည်း ငှက်များ၏ ရုတ်တရက် အပြုအမူပြောင်းလဲခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းများသည် ရာသီဥတုအပြောင်းအလဲ၊ ဆူညံသံများ သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အနှောင့်အယှက်များကဲ့သို့သော သဘာဝအကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင် သည်။

     သို့သော်ငြားလည်း ထိုကဲ့သို့သော သင်္ကေတများက လူထုအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ပြီး မရေရာသော အခြေအနေများကို ရင်ဆိုင်နေရချိန်တွင် ယခု ကဲ့သို့သော ဖြစ်ရပ်များက လူတို့၏ ကြောက်ရွံ့မှုကို ပိုမိုကြီးထွားစေလျက်ရှိသည်။

    ကျွမ်းကျင်သူများက တယ်အဗစ်မြို့ ကောင်းကင်ယံသည် ကမ္ဘာပေါ်တွင် ငှက်များ အသွားအလာ အများဆုံး လမ်းကြောင်းတစ်ခုပေါ်တွင် တည်ရှိနေခြင်းကြောင့် ယခုဖြစ်စဉ်မှာ ထူးခြားသည့် အခြေအနေမဟုတ်ကြောင်း ထောက်ပြထားကြသည်။ ကျီးကန်းများသည် ပုံမှန်ပြုလုပ်လေ့ရှိသော ရာသီအလိုက် ရွှေ့ပြောင်းသွားလာမှုအလယ်တွင် ရောက်ရှိနေခြင်းသာဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ နွေဦးကာလ ငှက်များရွှေ့ပြောင်းချိန်တွင် ငှက်အကောင်ရေ သန်း ၅၀၀ နီးပါးသည် အစ္စရေးနိုင်ငံကို ဖြတ်သန်းပျံသန်းလေ့ရှိပြီး ကျီးကန်းများသည် အသိုက်ဆောက်ရန်အတွက် မြို့ပြဒေသများသို့ စုပြုံလာလေ့ရှိကြသည်။ အစ္စရေးနိုင်ငံတွင် ကျီးကန်းများ၏ လှုပ်ရှားမှုကို ပုံမှန်မြင်တွေ့ရလေ့ရှိပြီး မတ်လဝန်းကျင်တွင် တယ်အဗစ်ကဲ့သို့သော မြို့ပြဒေသများမှ ထောင်ပေါင်းများစွာသော ကျီးကန်းများ စွန့်ခွာသွားခြင်းမှာ အဓိကအားဖြင့် ရာသီအလိုက် အပြု အမူပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက် အလက်များ သို့မဟုတ် နှောင့်ယှက်ခံရမှုများကြောင့်သာ ဖြစ်ကြောင်း The Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။

#PositiveAngleNews #IsraelCrows #TelAviv #BirdMigration #ScienceFacts #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN