



(မှုခင်း) မတ် ၂၆
မန္တလေးမြို့မှာ ဓာတ်ဆီကတဆင့် မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ပြီး၊ လူကြီးတစ်ဦး ဒဏ်ရာရရှိခဲ့ကောင်း သိရပါတယ်။
ဒီကနေ့ မတ်လ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က မဟာအောင်မြေမြို့နယ်၊ ရှမ်းဝိုင်းရပ်ကွက်၊ မြတောင်ကျောင်းတိုက်အနီး၊ ၈၆ လမ်း၊ ၃၆ လမ်းထောင့်က လူနေအိမ်တစ်ခုမှာ မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါနေအိမ်မှာထားရှိတဲ့ ဓာတ်ဆီ မီးစတင်လောင်ကျွမ်းရာကတဆင့် နေအိမ်ကို ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး နေအိမ်မှာ ရှိနေတဲ့ သားအမိနှစ်ဦးအနက် ကလေးငယ်မှာ သေဆုံးသွားခဲ့ပြီး မိခင်ဖြစ်သူမှာ မီးလောင်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုမှာ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ ကလေးငယ်မှာ အသက်ဆယ်နှစ်ကျော်င ယောက်ျားလေးတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ မီးလောင်ဒဏ်ရာအနည်းငယ်ကြောင့် စိုးရိမ်ဒဏ်ရာ မဟုတ်ပေမယ့် သားဖြစ်သူသေဆုံးမှုအပေါ် စိတ်ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင် သေဆုံးသူ ကလေးငယ်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ မိခင်တို့အား လူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မီးသတ်နဲ့ သက်ဆိုင်ရာက ဆက်လက်စစ်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
မတ်လ ၂၆ ရက်နေ့ မနက်အစော ၁၂ နာရီကျော်က ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်က စက်မှုဇုန်တစ်ခုက မှန်ဘီလူးစက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့သလို မနက် ၅ နာရီခန့်ကလည်း မန္တလေးတိုင်း၊ မိတ္ထီလာမြို့က ဆန်စက်အဆောက်အအုံ ၁ ခု မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။