(ပြည်တွင်း) မတ် ၁၉
မန္တလေးတိုင်းဒေသကြီးတွင် လွှတ်တော်လုပ်ငန်းများနှင့် ဆောင်ရွက်ချက်များကို ပြည်သူ့ကိုယ်စားလှယ်များအကြား ပိုမိုနားလည်သဘောပေါက်စေရန် ရည်ရွယ်သည့် လုပ်ငန်းရှင်းလင်းမိတ်ဆက်ပွဲကို ၂၀၂၆ ခုနှစ် မတ်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီ ၄၀ မိနစ်အထိ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (ခ/၄၁၆)၊ ၉ လမ်း၊ ၇၁ လမ်းနှင့် ၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး သဘင်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ် ၃၅ ဦး တက်ရောက်ခဲ့ပြီး၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်၊ တစညပါတီမှ ကိုယ်စားလှယ် ၈ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီမှ ၄ ဦး၊ ပြည်သူ့ပါတီမှ ၅ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ၁ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး တို့အပါအဝင် စုစုပေါင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၇၂ ဦး တက်ရောက်ခဲ့ကြသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ဇော်နှင့် အရာထမ်း၊ အမှုထမ်းများလည်း တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအတွင်း ဦးအောင်အောင်ဇော်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော်များ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး လွှတ်တော်အစည်းအဝေး ပထမနေ့၏ အစီအစဉ်များကိုလည်း အသေးစိတ် မိတ်ဆက်ရှင်းလင်းခဲ့သည်။

ထို့နောက် လွှတ်တော်ရုံးဌာနအသီးသီးမှ တာဝန်ရှိသူများက ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ဆက်လက်ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များက မရှင်းလင်းသေးသည့် အချက်အလက်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ယင်းအခမ်းအနားသည် လွှတ်တော်လုပ်ငန်းစဉ်များကို ကိုယ်စားလှယ်များအကြား ပိုမိုညှိနှိုင်းဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများ၏ ထိရောက်မှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#PAN