
(နိုင်ငံတကာ) မတ် ၁၆
(သတင်းဆောင်းပါး)
သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် စစ်ကြေညာရန် ဆုံးဖြတ်လိုက်ခြင်းသည် ဒုတိယကမ္ဘာစစ်အပြီး တည်ဆောက်ခဲ့သည့် ကမ္ဘာ့အစီအစဉ်သစ် (World Order) သည် အမှန်တကယ် အလုပ်ဖြစ်နေသေးရဲ့လားဟု နိုင်ငံတကာဥပဒေကျွမ်းကျင်သူများအကြား မေးခွန်းထုတ်စရာ ဖြစ်လာစေခဲ့သည်။
ဒုတိယသက်တမ်းအတွင်း ထရန့်သည် မည်သည့်ထိန်းချုပ်မှုမျှမရှိဘဲ အကန့်အသတ်မဲ့အာဏာကို ကျင့် သုံးနေပုံရပြီး၊ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် အာဏာကို အပြန်အလှန် ထိန်း ကျောင်းသည့်စနစ် (Checks and Balances) သည်လည်း သူ၏အာဏာကို ကန့်သတ်နိုင်စွမ်းမရှိတော့ဘဲ ကျရှုံးနေသည့်ပုံစံမျိုး ဖြစ်ပေါ်နေသည်။
ဒေါ်နယ်ထရန့်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတတာဝန် စတင်ထမ်းဆောင်ချိန်မှစ၍ ဗင်နီဇွဲလားနှင့် အီရန်ကဲ့သို့သော လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံများအပေါ် အကြောင်းမဲ့ တိုက်ခိုက်မှုနှစ်ခုကို အမိန့်ပေးခဲ့သည်။ ထို့ပြင် ဂရင်းလန်းကျွန်း (Greenland) ကို သိမ်းယူမည်ဟု ခြိမ်းခြောက်ခြင်း၊ ဥရောပနှင့် ရိုးရာမပျက်ရှိခဲ့သော မဟာမိတ်ဆက်ဆံရေးကို တင်းမာစေခြင်း၊ ကုလသမဂ္ဂ၏ အခန်းကဏ္ဍကို လျော့ပါးစေခြင်းနှင့် အလုံးအရင်းဖြင့် ကောက်ခံသည့် အခွန်အတုတ်များကြောင့် နိုင်ငံတကာ ကုန်သွယ်ရေးလောကကို တုန်လှုပ်စေခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
ယခင်က ကုလသမဂ္ဂစနစ်နှင့် နိုင်ငံတကာဥပဒေများဖြင့် သတ်မှတ်ထားသော ကန့်သတ်ချက်များသည် ယခုအခါ ဘေးရောက်သွားပုံရပြီး ၎င်းတို့နေရာတွင် ဇန်န ဝါရီလက ထရန့်က သတင်းထောက်များကို ပြောကြားခဲ့သည့် ၎င်း၏ “ကိုယ်ပိုင်ကိုယ်ကျင့်တရား” အပေါ်တွင်သာ အခြေခံသည့် အကန့်အသတ်မဲ့ အာ ဏာကျင့်သုံးမှု အယူအဆဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။
ဒါဆိုရင် ထရန့်ကို ထိန်းကျောင်းနိုင်တဲ့ ယန္တရားတွေက ဘာတွေလဲ? သူဟာ တခြားနိုင်ငံတွေကို စိတ်ကြိုက်တိုက်ခိုက်တာ၊ အခွန်အတုတ်တွေကို မိမိသဘောအတိုင်း သတ်မှတ်တာနဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကမ္ဘာ့မူဝါဒကို အခြေခံအားဖြင့် စိတ်တိုင်းကျ ပြဌာန်းနေတာမျိုး တကယ်ပဲ လွတ်လပ်ခွင့် ရှိနေတာလား? အကယ်၍သာ ထိုသို့ဆိုလျှင်၊ သူ၏ အီရန်အပေါ် ဆင်နွှဲသည့်စစ်ပွဲမှာ အခြေအနေမလှဘဲ ချည့်နဲ့လာနေပြီဟု အကဲခတ်သူ အတော်များများက ဘာကြောင့် အခုလို ပြောဆိုနေကြတာလဲ?
နိုင်ငံတကာဥပဒေတွေက ထရန့်အပေါ် တစ်စုံတစ်ရာ ထိန်းကျောင်းတားဆီးနိုင်မှု ရှိခဲ့သလား?
ယနေ့အထိတော့ မရှိသေးပါဘူး။
အကဲခတ်သူတွေရဲ့ အဆိုအရ ထရန့်ရဲ့ ဗင်နီဇွဲလားနဲ့ အီရန်အပေါ် တိုက်ခိုက်မှုနှစ်ခုစလုံးဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို သိသိသာ သာ ချိုးဖောက်နေတာ ဖြစ်ပါတယ်။ အဓိကအား ဖြင့်တော့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၂(၄) မှာ ပြဋ္ဌာန်းထားတဲ့ “အင်အားသုံး ဖြေရှင်းခြင်းကို တားမြစ်ချက်” ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာဥပဒေအပေါ် ချိုးဖောက်မှုများမှာ အသစ်အဆန်းမဟုတ်သော်လည်း ထရန့်၏ သမ္မတသက်တမ်းအတွင်းတွင်မူ နိုင်ငံတကာဥပဒေ၏ အမည်ခံဟန်ပြ ကန့်သတ်ချက်များပင်လျှင် ခြေတော်တင် နင်းချေခြင်း ခံနေရသည်ဟု ပညာရှင်များက ဆိုကြသည်။

ထရန့်ကိုယ်တိုင်ကလည်း နိုင်ငံတကာဥပဒေများကို ပယ်ချထားပြီး၊ ၎င်း၏လုပ်ရပ်များနှင့် အမေရိကန်နိုင်ငံအပေါ် နိုင်ငံတကာဥပဒေများက မည်သည့်အချိန်တွင်၊ မည်မျှအတိုင်းအတာအထိ သက်ရောက်မှုရှိစေရမည်ကို မိမိကိုယ်တိုင်သာလျှင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။
သဟိတ်မြို့ရှိ နိုင်ငံတကာတရားရုံး (ICJ) တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ၊ ဒပ်ဗလင်မြို့ရှိ Trinity ကောလိပ်မှ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေဆိုင်ရာ ပါမောက္ခ မိုက်ကယ်ဘက်ကာ (Michael Becker) က Al Jazeera သတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားခဲ့သည် –
“ကဏ္ဍအတော်များများမှာ နိုင်ငံတကာဥပဒေဟာ သမိုင်းတစ်လျှောက် အမေရိကန်ရဲ့ အကျိုးစီးပွားကို အကျိုးပြုခဲ့ပါတယ်။ ကုလသမဂ္ဂပဋိညာဉ်မှာ ပါရှိတဲ့ အခြေခံမူတွေအပေါ် အခြေခံတဲ့ ‘စည်းမျဉ်းအခြေပြုအစီအစဉ်’ (Rules-based order) ကို အမေရိကန်က ဆက်လက်ထောက်ခံဖို့ဆိုတာ ကိုယ်ကျိုးစီးပွားအတွက်လည်း လိုအပ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတကာ ဥပဒေရဲ့ တန်ဖိုးကို မြင်နိုင်ဖို့ဆိုရင် ရေရှည်အမြင်ရှိဖို့ လိုအပ်ပြီး ဒါဟာ ကာလတို နိုင်ငံရေးရည်မှန်းချက်တွေနဲ့တော့ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲပါတယ်။”
“လက်ရှိ ပထဝီနိုင်ငံရေး အခြေအနေအရ ဒေါ်နယ်ထရန့်ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာဥပဒေက ထိရောက်စွာ ကန့်သတ်နိုင်စွမ်းဟာ လုံးဝနီးပါးကို မရှိသလောက် ဖြစ်နေရပါပြီ။ အထူးသဖြင့် ထရန့်ရဲ့ လူမိုက်ဆန်တဲ့ လုပ်ရပ်တွေ (Gangsterism) ကို တခြားနိုင်ငံတွေက စုပေါင်းပြီး ညီညွတ်တဲ့မျက်နှာစာနဲ့ မတုံ့ပြန်နိုင်သရွေ့တော့ ဒီအခြေအနေက ပြောင်းလဲလာဖို့ မရှိပါဘူး” ဟု ဘက်ကာက ထပ်လောင်းပြောကြားခဲ့သည်။
ကုလသမဂ္ဂ (UN) ရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ?
သိပ်ပြီးတော့ အားကိုးလို့ မရပါဘူး။
ကုလသမဂ္ဂကို စတင်တည်ထောင်စဉ်ကတည်းက ၎င်းရဲ့ အခန်းကဏ္ဍဟာ ပဋိပက္ခတွေအစား တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံတကာ စိန်ခေါ်မှုတွေကို ကမ္ဘာလုံးဆိုင်ရာ အဆင့်နဲ့ တုံ့ပြန်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတထရန့်ရဲ့ ကုလသမဂ္ဂနဲ့ ဆက်ဆံရေးဟာ သူနဲ့ပတ်သက်တဲ့ တခြားသော ဆက်နွှယ်မှုတွေလိုပဲ ရိုးရှင်းမှု မရှိလှပါဘူး။
တစ်ဖက်မှာလည်း ထရန့်ဟာ သူကိုယ်တိုင် ဖွဲ့စည်းထားတဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) နဲ့ ကုလသမဂ္ဂကို အစားထိုးဖို့ ကြိုးပမ်းနေပုံရပြီး ဂါဇာဒေသရှိ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ဘေးဖယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်မှာတော့ သူဖြစ်ချင်တဲ့ စီမံကိန်းတချို့အတွက် ကုလသမဂ္ဂရဲ့ တရားဝင်မှု (Legitimacy) ကို အသုံးချဖို့ ကြိုးစားတာမျိုးလည်း ရှိပါတယ်။ ဥပမာအားဖြင့် – အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းအခြေချသူတွေ ဝင်ရောက်မှုကို ကန့်သတ်နိုင်ဖို့အတွက် ဟေတီနိုင်ငံမှာ “ကုလသမဂ္ဂ ကူညီပံ့ပိုးရေးရုံး” (UN Support Office) တစ်ခု တည်ထောင်ပေးဖို့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက သူကိုယ်တိုင် တောင်းဆိုခဲ့တာမျိုး ဖြစ်ပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုက အထောက်အကူ ဖြစ်နိုင်တယ်ဆိုပေမဲ့ ထရန့်အနေနဲ့ ကုလသမဂ္ဂ ပဋိ ညာဉ်စာတမ်းကို လိုက်နာဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူးလို့ International Crisis Group ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွှန်ကြားရေးမှူးဟောင်း ရစ်ချက်ဂိုဝန် (Richard Gowan) က ပြောကြားခဲ့ပါတယ်။
“အမေရိကန်က နိုင်ငံတကာဥပဒေတွေကို ပုံမှန်ချိုးဖောက်နေတာကို တခြား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက မြင်နေကြပေမဲ့၊ လုံခြုံရေးကောင်စီလို နေရာမျိုးတွေမှာ ဝါရှင်တန်ကို အကျယ်တဝင့် ဝေဖန်ဖို့ သူတို့ ဝန်လေးနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ထရန့်ဆီကနေ ပြန်လည်တုံ့ပြန်လာမယ့် အန္တရာယ် (Blowback) ကို သူတို့ ကြောက်ရွံ့နေကြလို့ပါပဲ” ဟု ဂိုဝန်က ဆိုပါတယ်။ “ဒါကြောင့် ထရန့်ဟာ သူအလိုရှိတဲ့အခါ ကုလသမဂ္ဂကို လျစ်လျူရှု ကျော်လွန်သွားနိုင်သလို၊ သူ့အတွက် အသုံးတည့်မယ့် အခါမျိုးမှာပဲ ကုလသမဂ္ဂကို ကိရိယာတစ်ခုလို အသုံးချနိုင်တယ်ဆိုတာကို သင်ခန်းစာ ရသွားပုံရပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
တခြားသောအင်အားကြီးနိုင်ငံတွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ?
အတိုင်းအတာတစ်ခုအထိတော့ ရှိပါတယ်။
ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်နဲ့ တခြားသော အနောက်ဥရောပနိုင်ငံတွေလို “အလယ်အလတ်အင်အားကြီးနိုင်ငံများ” (Middle Powers) အနေနဲ့ ထရန့်ရဲ့ ဂရင်းလန်းကျွန်းကို တစ်ဖက်သတ်သိမ်းယူဖို့ ကြိုးပမ်းမှုကို တွန်း လှန်ရာမှာတော့ အခုထက်ထိ အောင်မြင်မှုတွေ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ ဥရောပအင်အားကြီးနိုင်ငံတွေဟာ ဗင်နီဇွဲလားနဲ့ အီရန်အပေါ် ထရန့်ရဲ့ အကြောင်းမဲ့စစ်ပွဲ ဆင်နွှဲမှုတွေကိုတော့ ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း (Global South) က ပဋိပက္ခတွေအပေါ် သူတို့ရဲ့ “စံနှစ်မျိုးကျင့်သုံးမှု” (Double Standards) ကို ပေါ်လွင်စေခဲ့ပါတယ်။
အကဲခတ်သူ အတော်များများကတော့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေအပေါ် အီရန်ရဲ့ လက် တုံ့ ပြန်မှုဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ ပင်လယ် ကွေ့နိုင်ငံ (Gulf States) တွေက အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းကလည်း ဒီစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေဖို့ တွန်းအားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
လန်ဒန်မြို့ရှိ Royal United Services Institute မှ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အိတ်ချ်အေ ဟဲလ်ယာ (HA Hellyer) က အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ် –
“အလယ်အလတ်အင်အားကြီးနိုင်ငံတွေဟာ ထရန့်အတွက် အခက်အခဲ (Friction) တွေကိုတော့ ဖန်တီးနိုင်ပေမဲ့ သူတို့မှာ ဗီတိုအာဏာ (Veto) တော့ မရှိပါဘူး။ ဥရောပအစိုးရတွေနဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ စုပေါင်းလှုပ်ရှားမှုတွေက စစ်ပွဲကုန်ကျစရိတ်ကို မြင့်တက်စေနိုင်ပြီး စစ်ရေးနည်းဗျူဟာအချို့ကို ပြင်ဆင်လာအောင်တော့ လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခြေခံကျတဲ့ အင်အားမမျှတမှုကတော့ ရှိနေဆဲပါပဲ။ အမေရိကန်ဟာ စစ်ရေး၊ ဘဏ္ဍာရေးနဲ့ အဖွဲ့အစည်းဆိုင်ရာ ကဏ္ဍအားလုံးမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အသာစီးရမှုကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်လို့ပါပဲ။”
နိုင်ငံငယ်လေးတွေဟာ များသောအားဖြင့်တော့ ဘေးမသီရန်မခရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုတင်ပြင်ဆင်ထားလေ့ရှိကြပြီး၊ ဝါရှင်တန်ရဲ့နောက်ကို လိုက်တာမျိုး ဒါမှမဟုတ် ဒေသတွင်း မဟာမိတ်အဖွဲ့အစည်းတွေဆီကနေ အကာအကွယ်ရှာတာမျိုးတွေ လုပ်ဆောင်လေ့ရှိကြတယ်လို့ ဟဲလ်ယာ (Hellyer) က ဆက်လက်ပြောကြားခဲ့ပါတယ်။ အမေရိကန်ကို ယုံကြည်အားကိုးရတဲ့ လုံခြုံရေးအာမခံချက်ပေးသူအဖြစ် မမြင်တော့တဲ့ ဥရောပနိုင်ငံတွေမှာ ဖိအားတွေ အပြင်းထန်ဆုံးဖြစ်နေပေမယ့် အမေရိကန်ရဲ့နေရာမှာ အစားထိုးနိုင်မယ့် တခြားရွေးချယ်စရာ လုံခြုံရေးစနစ်တစ်ခု တည်ထောင်ဖို့ဆိုတာကတော့ အခက်အခဲအတားအဆီးတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။ “အစားထိုးစနစ်တစ်ခုရှိဖို့ လိုအပ်တယ်ဆိုတဲ့ ယုတ္တိဗေဒကို လက် ခံကြပေမယ့်၊ အကောင်အထည် ဖော်နိုင်စွမ်းကတော့ ချက်ချင်းလက်ငင်း မရှိကြသေးပါဘူး။ ဒါကြောင့် အားလုံးဟာ အပြောင်းအလဲကာလတစ်ခု (Interregnum) ထဲမှာ ကြာရှည်စွာ ပိတ်မိနေကြပါတယ်။ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကလည်း အလားတူ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုကာလအတွင်းမှာတော့ ထရန့်နှင့် အမေရိကန်တို့ဟာ သူတို့အလိုရှိသလို လွတ်လပ်စွာ လုပ်ဆောင်နေကြဦးမှာ ဖြစ်ပါတယ်။ “ဒါတွေဟာ အမေရိကန်ရဲ့ လုံခြုံရေးထီးရိပ်အောက်မှာ ရှိနေရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ မှီခိုနေရမှုတွေကို မလျှော့ချနိုင်သေးခင်အချိန်အထိ အန္တရာယ်တွေကို တတ်နိုင်သမျှ စီမံခန့်ခွဲနေရတဲ့ ဗျူဟာတွေပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်နှင့် ရုရှားတို့ကတော့ ယနေ့အထိ နိုင်ငံတကာ ဥပဒေ ချိုးဖောက်မှုများကို ဝေဖန်နေကြသော်လည်း ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာမည့်အခြေအနေကိုတော့ ရှောင်ရှားနေကြဆဲ ဖြစ်သည်။ အိန္ဒိယနှင့် အခြားသော BRICS အဖွဲ့ဝင်နိုင်ငံများမှာမူ များသောအားဖြင့် နှုတ်ဆိတ်နေကြပြီး၊ ဝါရှင်တန်နှင့် တိုက်ရိုက်ထိပ် တိုက် တွေ့ခြင်းထက် မိမိတို့၏ ရပ်တည်ချက်ကို ရှင်း ရှင်းလင်းလင်းမပြဘဲ ထားရှိသည့် ဗျူဟာမြောက် မရေရာမှု(Strategic Ambiguity) ကိုသာ ပိုမိုလိုလားကြောင်း ပြသနေကြပါတယ်။
အမေရိကန်ပြည်တွင်းက ထိန်းကျောင်းမှုတွေ (Domestic restraints) ရော မရှိဘူးလား?
တကယ်တမ်းတော့ မရှိသလောက်ပါပဲ။
အမေရိကန် တရားရုံးချုပ် (Supreme Court) ဟာ မဟာမိတ်နိုင်ငံတွေကို အခွန်လျှော့ပေးပြီး ဝေဖန်သူတွေကိုတော့ ပြစ်ဒဏ်ခတ်တဲ့အနေနဲ့ သွင်းကုန်ခွန်တွေ အဆ မတန်ကောက်ခံကာ နိုင်ငံခြားရေးမူဝါဒကို စီမံခန့်ခွဲဖို့ ကြိုးပမ်းတဲ့ ထရန့်ရဲ့ အခွန်တိုးမြှင့်မှုတချို့ကိုတော့ တားဆီးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အခြားသော အစဉ်အလာအရ ရှိခဲ့တဲ့ ထိန်း ကျောင်းမှုတွေဖြစ်တဲ့ လွှတ်တော် (Congress)၊ သမ္မတအပေါ် အစဉ်တစိုက် ထောက်ခံမှုပေးနေတဲ့ တရားရေးဝန်ကြီးဌာန (DOJ) နဲ့ သတင်းမီဒီယာတွေကအစ သမ္မတရဲ့ ရည်မှန်းချက်တွေကို မဟန့်တားနိုင်ခဲ့ကြပါဘူး။ ဒါဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ယခင် သမ္မတတွေလည်း လွှတ်တော်ရဲ့ ခွင့်ပြုချက်မပါဘဲ စစ်ပွဲတွေ ဆင်နွှဲခဲ့ဖူးပါတယ်။ သို့သော်လည်း ထရန့်ရဲ့ လက် ထက်မှာတော့ ဒါဟာ ပိုပြီးစနစ်တကျ ဖြစ်လာတယ်လို့ အကဲခတ်သူတွေက ထောက်ပြကြပါတယ်။
ပရင်စတန် တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ ကင်လန်းရှက်ပဲလ် (Kim Lane Scheppele) လို အကဲခတ်သူတွေကတော့ အမေရိကန်ရဲ့ သြဇာကြီးမားတဲ့ အဖွဲ့အစည်းတွေဟာ ထရန့်အစိုးရကို တာဝန်ယူမှု တာဝန်ခံမှုရှိအောင် လုပ်ဆောင်ဖို့ ပျက် ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“သူ့ကို အခိုင်အမာ ထောက်ခံသူတွေကတော့ ရေရှည်မှာ အီရန်မှာ သူတို့နဲ့ ရင်းနှီးတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာမယ်ဆိုရင် ကာလတိုအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာမျိုးကို ခံနိုင်ရည်ရှိတယ်လို့ ပြောနေကြပါတယ်။ သူ့ကို ဆန့်ကျင်သူတွေကတော့ ဘယ်ကိစ္စမှာမဆို ဆန့်ကျင်နေကြတာ ဖြစ်တဲ့အတွက် ထရန့်ကတော့ သူတို့ကို လျစ်လျူရှုတာ ဒါမှမဟုတ် ခြိမ်းခြောက်တာမျိုးပဲ လုပ်ဆောင်နေပါတယ်” ဟု ရှက်ပဲလ်က Al Jazeera ကို ပြောကြားခဲ့ပါတယ်။
“ထရန့်က လူထုဆန္ဒထက် စျေးကွက်ရဲ့ အခြေ အနေကို ပိုပြီးအလေးထားပါတယ်။ ဒါကြောင့် စျေးကွက်တွေ ပြန်လည်ဦးမော့လာစေဖို့အတွက် သူဟာ စစ်စရိတ်တွေကို လျှော့ချနေတယ်လို့ စတင်ပြောဆိုလာသလို၊ အီရန်စစ်ပွဲဟာလည်း ရေတိုကာလပဲ ဖြစ်လိမ့်မယ်လို့ ဆိုလာတာပါ”
“အမေရိကန်နိုင်ငံမှာ သိသိသာသာကြီး ကင်းမဲ့နေတာကတော့ ထရန့်ကို ဆန့်ကျင်တားဆီးနိုင်မယ့် ခေါင်း ဆောင်မှုပါပဲ။ လွှတ်တော် (Congress) ကလည်း သူ့ကို ထိန်းကျောင်းဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ တာဝန်တွေကို မထမ်းဆောင်ကြပါဘူး။ တရားရုံးချုပ် (Supreme Court) ဆိုရင်လည်း ထရန့်ရဲ့ ပထမသက်တမ်းတုန်းက သူ့လူတွေကို အစားထိုးခန့်အပ်ခဲ့တာကြောင့် သူ့လက်ခုပ်ထဲက ရေလို ဖြစ်နေပါပြီ။ အောက်ခြေတရားရုံးက တရားသူကြီးတွေကတော့ ပြင်းထန်တဲ့ ဖိအားတွေကြားထဲကနေ အံ့ဩစရာကောင်းအောင် ရဲရဲဝံ့ဝံ့ လုပ်ဆောင်နေကြပေမဲ့၊ သူတို့ဆီကို နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ရောက်မလာပါဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာရေးရာ ကိစ္စရပ်တွေမှာ တရားစွဲဆိုသူဘက်က မိမိမှာ တိုက်ရိုက်နစ်နာမှု ရှိတယ်ဆိုတဲ့ ‘တရားစွဲဆိုပိုင်ခွင့်’ (Standing) ရဖို့ ခက်ခဲတာကြောင့်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။
အောက်ခြေ ဖက်ဒရယ်တရားရုံးများသည် နိုင်ငံ ခြားရေးမူဝါဒပိုင်းတွင် ကန့်သတ်ချက်များ ရှိနေသော်လည်း လူဝင်မှုကြီးကြပ်ရေး၊ အရေးယူပိတ်ဆို့မှု သတ်မှတ်ချက်များနှင့် အရေးပေါ်အာဏာ ကျင့်သုံးမှုများတွင် အုပ်ချုပ်ရေးပိုင်းက အာဏာအလွဲသုံးစားလုပ်မှုများကို ပြင်းထန်သော နိုင်ငံရေးဖိအားများကြားမှ အကြိမ်ကြိမ် တားဆီးပေးခဲ့ကြသည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။
ဒါဆိုရင် ထရန့်ရဲ့စစ်ပွဲဟာ ဘာကြောင့် ချည့်နဲ့လာနေပြီလို့ လူအများက ပြောနေကြတာလဲ?
အကဲခတ်သူအတော်များများရဲ့ အမြင်မှာတော့ ထရန့်ဟာ ရှင်းလင်းတဲ့ စစ်ရည်မှန်းချက် ဒါမှမဟုတ် ပြတ် သားတဲ့ အဖြေရှာမှုမျိုး မရှိဘဲနဲ့ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ ပဋိပက္ခတစ်ခုကို ထိန်းချုပ်မှု လွတ်သွားမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒီပဋိပက္ခဟာ သူ့အစိုးရဘက်က ကြိုတင်တွက်ဆမထားတဲ့ စီးပွားရေးနယ်ပယ်တွေအထိပါ ရိုက်ခတ်လာနေတာကြောင့် အစဉ် အလာအရ ရှိခဲ့တဲ့ ထိန်းကျောင်းမှုတွေက ထရန့်အပေါ် အလုပ်မဖြစ်ပေမဲ့၊ ကမ္ဘာမြေကြီးရဲ့ ဆွဲအားလိုပဲ ရှောင် လွှဲမရတဲ့ “စျေးကွက်ရဲ့ အင်အားစုတွေ” ကတော့ သူ့ကို ပြန်လည်ရိုက်ခတ်လာနေပြီ ဖြစ်ပါတယ်။
ထရန့်ကတော့ သူဖြစ်ချင်တဲ့ စစ်ရည်မှန်းချက် တစ်ခုမှ မအောင်မြင်သေးပေမဲ့ စစ်ပွဲဟာ မကြာခင် ပြီးဆုံးတော့မှာဖြစ်ကြောင်း အကြိမ်ကြိမ် ပြောဆိုနေပါတယ်။
အီရန်အပေါ် ထရန့်ရဲ့ တိုက်ခိုက်မှုတွေ၊ တီဟီရန်ဘက်က ပြန်လည်လက်တုံ့ပြန်မှုတွေနဲ့ ကမ္ဘာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ရေနံစျေးနှုန်းတွေဟာ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။
နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) က ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတကာ ရေနံအရန်အင်အားထဲကနေ ရေနံစည်ပေါင်း သန်း ၄၀၀ ထုတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စျေးနှုန်းကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။ အီရန်ကတော့ သူတို့အနေနဲ့ အဆိုပါ ရေကြောင်းလမ်းကို ဆက်လက်ပိတ်ဆို့ထားဦးမှာဖြစ်ပြီး ရေနံစျေးဟာ တစ်စည်ကို ဒေါ်လာ ၂၀၀ အထိ ရောက်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
“နောက်ဆုံးမှာတော့ ဒေါ်နယ်ထရန့်ရဲ့ နယ်ချဲ့လိုတဲ့ စိတ်ရူးတွေကို ဒါမှမဟုတ် သူ့နားနားကပ်ပြီး မြှောက် ပင့်ပေးနေသူတွေရဲ့ မူဝါဒတွေကို တားဆီးနိုင်မယ့် အချက်တွေကတော့ – ကမ္ဘာ့စွမ်းအင်စျေးကွက် ပျက် စီးသွားတာကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေးဆိုးကျိုးတွေနဲ့၊ ထရန့်ရဲ့ ကမ္ဘာအနှံ့ စစ်မီးမွှေနေမှု၊ ကိုယ် ကျိုးရှာမှုနဲ့ စစ်ပွဲရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ပေး ဆပ်ရမှုတွေကို လျစ် လျူရှုမှုတွေအပေါ် အမေရိကန်မဲဆန္ဒရှင်တွေရဲ့ စိတ် ကုန်မယုံကြည်မှုတွေပဲ ဖြစ်ပါလိမ့်မယ်” ဟု ပါမောက္ခ ဘက်ကာ (Becker) က ဆိုပါတယ်။
(Al Jazeera သတင်းဌာနမှ Simon Speakman Cordall ၏ ‘How Trump’s unchecked power has changed the world ဆောင်းပါးကို ဘာသာပြန်ဆိုထားသည်။)
#PositiveAngle #OilCrisis #GlobalSecurity #TrumpUnchecked #EconomicImpact #MiddleEastWar #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN