မှတ်ပုံမတင်ထားသည့် မော်တော်ယာဉ်များ သတ်မှတ်ကာလအတွင်း ကနဦးမှတ်ပုံတင်ရန် အသိပေး

(ပြည်တွင်း) မတ် ၁၁

၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ဖြင့် တင်သွင်းရောက်ရှိပြီးနောက် မှတ်ပုံတင်လုပ်ငန်းများ
ဆောင်ရွက်ရန်ကျန်ရှိသော မော်တော်ယာဉ်များအနေဖြင့် မှတ်ပုံတင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ပို့ဆောင်‌ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အများပြည်သူသို့ အသိပေးကြေညာထားသည်။

မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်း၊ ခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များအနက် အခွန်ပေးဆောင်ပြီးသားဖြစ်သော်လည်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ခြင်း မပြုလုပ်ဘဲ နံပါတ်ပြားအတုများနှင့် အလှဆင်နံပါတ်ပြားများ တပ်ဆင်အသုံးပြုနေသည့် ယာဉ်များ ရှိနေသည်ကိုတွေ့ရကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ကပြောသည်။

ထို့ပြင် လုပ်ငန်းသုံးယာဉ်များနှင့် စက်ယန္တရားယာဉ်အချို့မှာလည်း မှတ်ပုံတင်ခြင်း မပြုလုပ်ဘဲ စီမံကိန်းများနှင့် လုပ်ငန်းခွင်များတွင် တရားမဝင် အသုံးပြုနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။

အဆိုပါယာဉ်များသည် ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ အရ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သက်ဆိုင်ရာက အသိပေးထားသည်။

ထို့ကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသည့် ယာဉ်များအတွက် နောက်ဆုံးထားရမည့်ရက်များအဖြစ် ၂၀၁၈ ခုနှစ်အတွင်း လိုင်စင်ရရှိထားသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက် ၊ ၂၀၁၉ ခုနှစ်အတွင်း လိုင်စင်ရရှိထားသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် မေ ၃၁ ရက်၊ ၂၀၂၀ ပြည့်နှစ်အတွင်း လိုင်စင်ရရှိထားသည့် ယာဉ်များကို ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက် အဖြစ်သတ်မှတ်ထားပြီး အဆိုပါရက်များတွင် ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန် သက်ဆိုင်ရာက ကြေညာထားသည်။

သတ်မှတ်ထားသည့် ကာလကျော်လွန်သွားပါက ကနဦးမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်သည့်အပြင် ဥပဒေအရလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

#PAN