(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု မွန်ဝန်ကြီးချုပ်ပြော

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ကော်မတီအသီးသီးအား ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း သိရသည်။

(၅၂) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင်ကျင်းပမည့် မွန်ပြည်နယ်နေ့တွင် အထိမ်းအမှတ်အခမ်းအနားအပြင်၊ မွန်တိုင်းရင်းသား လူမျိုးတို့၏ ရိုးရာအကအလှများ၊ တိုင်းရင်းသားများ၏ ရိုးရာအကအလှများ နှင့်ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များကိုလည်း ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ကဏ္ဍအလိုက် ကြိုတင် စီစဉ်ဆောင်ရွက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဌာနဆိုင်ရာ ပြခန်းများနှင့် အသေးစား၊ အငယ်စား၊ အလတ်စား ထုတ်ကုန် အရောင်းပြခန်းထည့်သွင်းပြသသွားမည်ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ထုတ်ကုန်များအပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု အစီအစဉ်ဖြင့် ပါဝင်ပြသနိုင်ရေး ဆောင်ရွက်ပေးရန်လည်း ၎င်းမှ တိုက်တွန်းညွှန်ကြားခဲ့ကြောင်းသိရသည်။