လက်ပံတန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ

(မှုခင်း) ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်း မြို့နယ်၊ မင်းရပ်ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ပတ္တမြားခြံလမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်တွင် လက်ပံတန်းမြို့မှ ကျွန်းကလေးကျေးရွာဘက်သို့ လက်ပံတန်းမြို့နယ်၊ ဓနတိုးကျေးရွာနေ ဦးစိုးလေး(၅၄)နှစ် မောင်းနှင်ပြီး ကျောက်တန်းမြို့နယ်၊ သောင်ကြီးကျေးရွာနေ ဦးသန်းရွှေ(ခ) ဦးကုလားကြီး(၄၉)နှစ်နှင့် ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာနေ ဒေါ်ဝင့်ဝါဖြိုး(၃၉)နှစ်တို့ လိုက်ပါလာသော မော်တော်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဘက်မှ မင်းလှမြို့၊ မြောက်စုရပ်ကွက်နေ ဝေယံဖြိုး(ခ)ကိုဖြိုး(၃၃)နှစ် မောင်းနှင်လာသော ထော်လာဂျီယာဉ်တို့သည် အခင်းဖြစ်နေရာအရောက်၌ တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် ဦးစိုးလေးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဦးသန်းရွှေ(ခ)ဦးကုလားကြီးနှင့် ဒေါ်ဝင့်ဝါဖြိုးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် စိုးလေးနှင့် ဝေယံဖြိုး(ခ)ကိုဖြိုးတို့ နှစ်ဦးအား လက်ပံတန်းမြို့မရဲစခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။။