(ပြည်တွင်း) ဖေဖော်ဝါရီ ၇
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကနေ နိုင်ငံတစ်ဝှမ်းမှာ ကိုယ်စားလှယ် ၇၁၈ ဦး အနိုင်ရရှိထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌတွေဟာ ရန်ကုန်နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့တွေ့ဆုံနေပါတယ်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌတွေဖြစ်ကြတဲ့ ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိမ်းတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ မနက်ပိုင်းက ရန်ကုန်က ပါတီဌာနချုပ် ရုံးခွဲမှာတွေ့ဆုံခဲ့ကြသလို ဖေဖော်ဝါရီလ ၆ မနေ့ကလည်း ပဲခူးမြို့က ပါတီရုံးမှာ ပြည်ခိုင်ဖြိုးပါတီရဲ့အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီတွေ့ဆုံပွဲတွေမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီနဲ့ ဒုတိယဥက္ကဋ္ဌတွေက အမှာစကားအသီးသီးပြောကြားခဲ့ကြတယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်အရ သိရပြီး ပါတီဥက္ကဋ္ဌက ” အခုရရှိတဲ့ အောင်မြင်မှုရလဒ်ဟာ လွယ်လင့်တကူရရှိခဲ့တာမဟုတ်ပဲ မိမိတို့ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ (၃)နှစ်တာကာလအတွင်း ပြည်သူလူထု ယုံကြည်မှုရရှိအောင် လိုအပ်တဲ့အရာတွေကို အဆင့်ဆင့်အခက်အခဲတွေကြားက ကြိုးစားလာရတာသိကို တယ်လို့ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူတွေပေးလိုက်တဲ့ ယုံကြည်မှုကို တန်ဖိုးထားပြီး ပေးထားတဲ့ ကတိတွေကို အစွမ်းကုန်ကြိုးစားဖော်ဆောင်ဖို့လိုအပ်ပြီး ယခုရရှိတဲ့ ရလဒ်တွေထက် ရေရှည်ပိုမိုအောင်မြင်မှုရရှိရေး ဆောင်ရွက်ကြဖို့မှာကြားခဲ့တယ်လို့ သိရပါတယ်။

ပါတီဒုတိယဥက္ကဋ္ဌတွေ ဖြစ်ကြတဲ့ ဦးမြတ်ဟိန်းနဲ့ ဦးမျိုးဇော်သိမ်းတို့ကလည်း “မိမိတို့ ဇာတိမြေ၊ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေ ကဏ္ဍစုံဖွံ့ဖြိုးဖို့အတွက် အစွမ်းကုန်ကြိုးစားကြဖို့ ကိုယ်စားလှယ်တစ်ဦးဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို လေ့လာမှတ်သားထားကြဖို့ မိမိတို့သက်ဆိုင်ရာဒေသမှာ ပေးခဲ့တဲ့ ကတိတွေနဲ့ ပါတီရဲ့ရွေးကောက်ပွဲအာမခံချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် အစွမ်းကုန်ကြိုးစားကြဖို့မှာကြားခဲ့တယ်လို့ သိရပါတယ်။
လာမယ့် မတ်လ တတိယအပတ်မှာ လွှတ်တော်အသီးသီးဟာ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးတွေနဲ့ စတင်အသက်ဝင်လာတော့မှာဖြစ်ပါတယ်။
#PAN