
(နိုင်ငံတကာ) ဇန်နဝါရီ ၃၀
“အီရန်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ စစ်ဆေးခြိမ်းခြောက်မှုကို သံတမန်ရေးအရ ညှိနှိုင်းနေမှာ မဟုတ်ဘဲ မိမိနိုင်ငံကို ကာကွယ်ဖို့အတွက် ၂၀၀ ရာခိုင်နှုန်း အသင့်ရှိနေတယ်”လို့ အီရန်ညှိနှိုင်းရေးအဖွဲ့ရဲ့ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကာဇမ်ဂါရီဘာဘာဒီက ဗုဒ္ဓဟူးနေ့မှာ နိုင်ငံပိုင်မီဒီယာကနေ တဆင့် ပြောကြားလိုက်ပါတယ်။
ကာဇမ်ဂါရီဘာဘာဒီက ဆက်လက်ပြီး ၂၀၂၅ ဇွန်လက ဖြစ်ပွားခဲ့တဲ့ ၁၂ရက်အကြာ အစ္စရေးနဲ့ စစ်ပွဲမှာ မိမိတို့ အရာရှိအများအပြားဆုံးရှုံးခဲ့ရပြီး အဲလိုအဖြစ်မျိုးထပ်မံဖြစ်ပွားမလာဖို့အတွက် အီရန်နိုင်ငံဟာ အသင့်ပြင်ထားကြောင်း သံတမန်ရေးအရဆွေးနွေးနေတာတွေရှိ ပေမဲ့ အမေရိကန်ကို အလုံးစုံယုံကြည်မှာမဟုတ်ဘဲ မိမိတို့နိုင်ငံကို ကာကွယ်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံရဲ့ တပ်မတော်တပ်မှူး Amir Hamati က “ကျွန်ုပ်တို့ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ အချိုးကျတဲ့ အစီအစဉ်တွေ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC)ဟာ စီစဉ်နေပြီး IRGCရဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေဟာ လိုအပ်ပါက ဒေသအတွင်းမှာရှိတဲ့ အမေရိကန်ပိုင်ဆိုင်မှု တွေကိုပါ ပစ်ခတ်နိုင်စွမ်းရှိအောင် အသင့်ပြင်ထားတယ်လို့ အယ်ဂျားဇီးယားကို ပြောပါတယ်။
အီရန်နိုင်ငံရဲ့ အစိုးရဟာ ရှေးရိုးစွဲအစ္စလာန်ကိုးကွယ်သူတွေရဲ့ ထောက်ခံမှုနဲ့ ခိုင်မာနေပုံရပေမဲ့ ယခုလအတွင်း လူထောင်ပေါင်းများစွာသေဆုံးစေခဲ့တဲ့ ဆန္ဒပြမှုတွေအပြီးမှာ အီရန်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်(၅၀)အတွင်း အားအနည်းဆုံးဖြစ်နေတယ်လို့ ဝါရှင်တန်ဒီစီက ပြောကြားထားပါတယ်။