တာချီလိတ်တွင် ကျပ်သိန်းပေါင်း ၆၀၀၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

(မှုခင်း)ဇန်နဝါရီ ၃၀

တာချီလိတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၆၀၀၆၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ရက်နေ့ မွန်းလွဲ ၃နာရီခွဲအချိန်က တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ဆီဝန်းထောင်းကျေးရွာအနီး ရာဘာခြံအတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဆီဝန်းထောင်းကျေးရွာအနီး ရာဘာခြံအတွင်း အဖွဲ့ငယ်များဖွဲ့၍ နေရာဖြန့်ခွဲကာ ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့သည်။

ထိုသို့စောင့်ဆိုင်းနေစဉ် မွန်းလွဲ ၄နာရီကျော်အချိန် ဆီဝန်းထောင်းကျေးရွာဘက်မှ နတ်ကြီးတောအတွင်း သို့ ရာဘာခြံအတိုင်းလမ်းလျှောက်လာပြီး ကျောပိုးအိတ်များ သယ်ဆောင်လာသည့် မသင်္ကာဖွယ် လူ ၁၀ ဦးခန့်အား တွေ့ရှိသဖြင့် စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် ရပ်တန့် ခြင်းမရှိဘဲ ၎င်းတို့ဘက်မှ သေနတ်များဖြင့် စတင်ပစ်ခတ်ခဲ့သောကြောင့် အနီးကပ်နေရာတွင် အသင့်ရှိနေသော လုံခြုံရေးရဲတပ်ဖွဲ့မှ ပြန်လည် ပစ်ခတ်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများမှ ၎င်းတို့ သယ်ဆောင် လာသည့် အိတ်များအားပစ်ချ၍ ထွက်ပြေးကြသဖြင့် လိုက်လံလုံးထွေး ဖမ်းဆီးခဲ့ရာ ရဲအုပ် အောင်သူမှ စိုင်းအောင်ခမ်းအား လုံးထွေးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းမိတရားခံ အနီးရှိိမြေကြီးပေါ်တွင် ပြန့်ကျဲနေသော အမဲရောင်ပလတ်စတစ်အိတ်ဖြင့်တစ်ထပ်၊ ရောင်စုံဆာလာ အိတ်ဖြင့်တစ်ထပ်၊ ရောင်စုံစောင်ကြားဖြင့်ပတ်၍ ကျောပိုးအိတ်သဖွယ်ပြုလုပ်ထားသည့် ဆာလာအိတ်အတွင်းမှ ပလတ်စတစ်အကြည်ရောင်ဖြင့်တစ်ထပ် ထုပ်ပိုးထားသည့် ကြယ်ငါးလုံး တံဆိပ်နှင့် TIE GUAN YIN စာတန်းပါ အစိမ်းရောင် တရုတ်လက်ဖက် ခြောက်အိတ်ဖြင့် ထုပ်ပိုးထားသည့် စိတ်ပြောင်းဆေးဝါး(ကတ်တမင်း)ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန်(၁) ကီလိုခန့်ရှိ (၂၅)ထုပ်စီပါ ဆာလာအိတ်(၁၄)အိတ်၊ အလေးချိန် (၃၅၀)ကီလိုခန့် (ဒေသတန်ဖိုး ၁ ကီလိုလျှင် ငွေကျပ်သိန်း ၉၀ နှုန်းဖြင့် ကျပ်သိန်း ပေါင်း ၃၁၅၀၀)သိန်းအား လည်းကောင်း၊ အမဲရောင်ပလတ်စတစ်အိတ်ဖြင့်တစ်ထပ်၊ ရောင်စုံဆာလာအိတ်ဖြင့်တစ်ထပ်၊ ရောင်စုံစောင်ကြားဖြင့်ပတ်၍ ကျောပိုးအိတ် သဖွယ်ပြု လုပ်ထားသည့် ဆာလာအိတ်အတွင်းမှ ပလတ်စတစ်အကြည်ရောင်ဖြင့်တစ်ထပ် ထုပ်ပိုး ထားသည့်ကြယ်ငါးလုံးတံဆိပ်နှင့် GUANYINWANG စာတန်းပါ ရွှေအိုရောင် တရုတ် လက်ဖက်ခြောက် အိတ်ခွံဖြင့်ထုပ်ပိုးထားသည့် မက်သ်အဖက်တမင်း(အိုက်စ်)ဟု ယူဆရ သော အဖြူရောင်ပုံဆောင်ခဲ အလေးချိန်(၁) ကီလိုခန့်ရှိ (၂၅)ထုပ်စီပါ ဆာလာ အိတ်(၇) အိတ်နှင့် (၂၆) ထုပ်စီပါ ဆာလာအိတ်(၇)အိတ်၊ ပေါင်းဆာလာအိတ်(၁၄)အိတ်၊ အလေးချိန် (၃၅၇)ကီလို(ဒေသတန်ဖိုး ၁ ကီလိုလျှင် ငွေကျပ်သိန်း ၈၀ နှုန်းဖြင့် ကျပ်သိန်း ပေါင်း ၂၈၅၆၀ သိန်း)၊ စုစုပေါင်းကျပ်သိန်းပေါင်း ၆၀၀၆၀ သိန်း)အား ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် အီတလီနိုင်ငံထုတ် H29231Z နံပါတ်ပါ PIETRO BERETTA ပစ္စတိုသေနတ် ၁ လက်၊၎င်းကျည်အိမ်အတွင်းမှ 9mm Luger ကျည် ၁၄ တောင့်တို့အား တွေရှိသဖြင့် သိမ်းဆည်းရမိသည်။

ဖမ်းမိတရားခံ စိုင်းအောင်ခမ်းအား စစ်ဆေးရာ သိမ်းဆည်းရမိ မူးယစ် ဆေးဝါးအိတ်များအား ကျိုင်းတုံမြို့နေ အိုက်သား ဆိုသူမှ ဆီဝန်းထောင်းကျေးရွာ ဘုန်းကြီးကျောင်းရှေ့ဝင်းအတွင်းမှ နတ်ကြီးတော တောလမ်းအတိုင်း မဲခေါင်မြစ်ကမ်းစပ် နေရာသို့ သယ်ဆောင်ခိုင်းခဲ့ကြောင်း၊ သယ်ဆောင်သူ (၁၀)ဦးခန့်ရှိပြီး ၎င်းနှင့် တစ်ယောက် နှင့်တစ်ယောက်မသိရှိကြောင်း၊သယ်ဆောင်သူများထဲတွင် ဖခင်ဖြစ်သူအိုက်နွန်းတစ်ဦးတည်း သာ ၎င်းအနေဖြင့် သိရှိရကြောင့် စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဆက်လက်ပြီး တရားခံ စိုင်းအောင်ခမ်း၏ထွက်ဆိုချက်အရ ညနေ ၄နာရီ ၄၅မိနစ် အချိန်တွင် ပူးပေါင်းအဖွဲ့သည် တာချီလိတ် မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း၏ နေအိမ် ဝင်ရောက် ရှာဖွေရာ နေအိမ်တွင် အိုက်နွန်းအား အသင့်တွေ့ရှိရပြီး ၎င်း၏ နေအိမ် အတွင်းမှ မူးယစ်ဆေးဝါးတစ်စုံတစ်ရာ ရှာဖွေတွေ့ရှိခြင်းမရှိဘဲ နေအိမ်ရှေ့မှ ရေစိုနေသည့် စစ်စိမ်းရောင်လည်တိုဖိနပ်(၁)ရံအား လည်းကောင်း၊နေအိမ် လှေကားအောက်မှ မူးယစ်ဆေးဝါးအိတ်များ သယ်ဆောင်ရာ၌ လွယ်ကြိုးအဖြစ်အသုံးပြုသော ဖြူ/နီ/ပြာ/ဝါစောင်ကြား ၁ ထည် နှင့် ဘေးလွယ်အိတ် ၁ လုံးတို့အား သိမ်းဆည်းနိုင်ခဲ့သည်။

ဖမ်းဆီးရမိ တရားခံ အိုက်နွန်းအား စစ်ဆေးရာ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများမှာ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)အုပ်စု၊ ပါခါကျေးရွာနေ အိုက်နွန်း(ခ)အိုက်ခမ်းနွန်း၏ ပစ္စည်းများဖြစ်ကြောင်း ထွက်ဆိုသဖြင့် ပူးပေါင်းအဖွဲ့သည် ညနေ၅နာရီ အချိန်တွင် အိုက်နွန်း(ခ)အိုက်ခမ်းနွန်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိုက်နွန်း(ခ) အိုက်ခမ်းနွန်းအား နေအိမ်တွင် မတွေ့ရှိဘဲ
တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းမိတရားခံ စိုင်းအောင်ခမ်း နှင့် အိုက်နွန်းတို့ ၂ ဦးအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေး စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။