
(ပြည်တွင်း)ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံ၏ရှေ့နေ Ms. Leigh Lawrie က မြန်မာနိုင်ငံသည် ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူများနှင့် ARSA က သတင်းပေးဟုစွပ်စွဲသည့် ဘင်္ဂါလီများကိုလည်း ကယ်တင်ခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ တရားသူကြီးများ၏ မေးခွန်းများကို ဇန်နဝါရီ ၂၈ရက်နေ့က လျှောက်လဲဖြေကြားရာတွင် ထည့်သွင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ရှေ့နေ Ms. Leigh Lawrie က ARSA အကြောင်းနှင့် ARSA အကြမ်းဖက်မှုကြောင့် အပြစ်မဲ့ပြည်သူများကို ကယ်တင်ခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တရားသူကြီး Brent က မေးမြန်းသည့် ARSA ၏ ဖွဲ့စည်းပုံ၊ အင်အား၊ တိုက်ခိုက်မှုစွမ်းရည်တို့ကို ဖြေကြားရမည်ဆိုလျှင် ARSA သည် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ပုဂ္ဂိုလ်များထံမှ အထောက်အပံ့ရရှိကြောင်း၊ အင်အားတိုးချဲ့၍ အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်းများပေးကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ရဲကင်းစခန်းသုံးခုကို တိုက်ခိုက်နိုင်ရာမှ ၂၀၁၇ ခုနှစ်တွင် ရဲကင်းစခန်း ၃၀ ကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်သည်အထိ အင်အားစုဖွဲ့လာနိုင်ကြောင်း၊ လက်လုပ်ဗုံး (IED)များ ထုတ်လုပ်နိုင်ပြီး၊ ကင်းထောက်နိုင်သည့် စွမ်းရည်လည်းရှိကြောင်း။၎င်းတို့သည် ထောက်ခံသူများကိုအားပြု၍ တိုက်ခိုက်မှုများပြုလုပ်ကြောင်း၊ ARSA အင်အား ၁၇၀၀၀ ကျော်ရှိကြောင်း ဖြေကြားခဲ့သည်။
တရားသူကြီး၏ ဒုတိယမေးခွန်းဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် စစ်ဆင်ရေးပြုလုပ်ရာတွင် ARSA ၏ ထောက်ခံသူများမှာ ရာနှင့်ချီရှိပြီး အကြမ်းဖက်တိုက်ခိုက်ရာတွင် တုတ်၊ ဓါးများကိုင်ဆောင်ကာ လူအရေအတွက် အသာစီးယူ၍ တိုက်ခိုက်ကြောင်း၊ သို့ဖြစ်ရာ ထောက်ခံသူများဟုဆိုသည်မှာ လိုက်လံတိုက်ခိုက်ပေးသူများဖြစ်ကြောင်း၊ တရားသူကြီး၏ တတိယမေးခွန်းဖြစ်သည့် တိုက်ပွဲအတွင်း တိုက်ခိုက်ရေးသမားများနှင့် အရပ်သားကို ခွဲခြားပုံနှင့်ပတ်သက်၍ တပ်မတော်က တိုက်ပွဲများမတင်မီကပင် တပ်သားများအား တိုက်ပွဲအတွင်း လိုက်နာကျင့်သုံးရမည့်စည်းမျဉ်း (RoE) ကို ညွှန်ကြားခဲ့ပါကြောင်း၊ ထို့အပြင် စည်းမျဉ်းများဖော်ပြထားသည့် အိတ်ဆောင်ကတ်ပြားများကို တပ်သားတိုင်းကို ပေးအပ်ခဲ့ကြောင်း။
ပစ်ခတ်ရာတွင် မိမိအသက်အန္တရာယ်ကျရောက်နိုင်သည့် တိုက်ခိုက်မှုအခြေအနေကျရောက်ချိန်နှင့် လက်နက်ကိုင်ဆောင်ထားသူများကိုသာ ပစ်ခတ်ရန် ညွှန်ကြားထားကြောင်း၊ တရားသူကြီး၏ စတုတ္ထမေးခွန်းဖြစ်သည့် တိုက်ပွဲများအတွင်း ARSA မည်မျှသေဆုံးသည်၊ အရပ်သားမည်မျှသေဆုံးခဲ့သည်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ် ဖြစ်စဉ်တွင် ARSA ၆၉ ဦးသေဆုံးပြီး ၂၀၁၇ ဖြစ်စဉ်တွင် ARSA ၃၇၆ ဦး သေဆုံးခဲ့ပါကြောင်း၊ သို့သော် ICOE အစီရင်ခံစာအရ အရပ်သားများလည်းသေဆုံးကြောင်းဖော်ပြထားပြီး ယင်းအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် တိုက်တွန်းထားကြောင်း၊ တရားသူကြီး Pillay ၏ မေးခွန်းဖြစ်သည့် တပ်မတော်အနေဖြင့် အရပ်သားများကို ကယ်တင်မှုနှင့်ပတ်သက်၍ ARSA က လိုက်လံသတ်ဖြတ်သည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူများကို ကယ်တင်ပေးခဲ့ကြောင်း၊ ARSA က သတင်းပေးဟုစွပ်စွဲသည့် ဘင်္ဂါလီများကိုလည်း ကယ်တင်ကြောင်း၊ ရခိုင်နှင့် ဘင်္ဂါလီများ ပဋိပက္ခမဖြစ်စေရန် ကာကွယ်ပေးကြောင်း လျှောက်လဲခဲ့သည်။