ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်

(ပြည်တွင်း) ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲကို ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၃-ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့မှစတင်၍ ဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း ယခုအခါ ဖယ်ခုံမြို့ကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီး ဒေသတွင်း တည်ငြိမ်လာပြီဖြစ်သည့်အတွက် ယနေ့မှစ၍ ဘဏ်ခွဲကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်းကပြောသည်။

ယခုကဲ့သို့ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းကြောင့် ဒေသတွင်းတာဝန်ထမ်းဆောင်လျက်ရှိကြသော တပ်မတော် တပ်ရင်း/တပ်ဖွဲ့နှင့် နိုင်ငံဝန်ထမ်းများ၏ လစာနှင့်အသုံးစရိတ်များထုတ်ယူခြင်း ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ပင်စင်လစာငွေများ ထုတ်ယူခြင်း၊နိုင်ငံတစ်ဝန်း ဒေသအသီးသီးသို့ ငွေလွှဲပေးပို့ခြင်း၊ ဒေသအသီးသီးမှ လွှဲပို့ငွေများအား ထုတ်ပေးခြင်း၊ ငွေစုဆောင်းအပ်နှံခြင်းနှင့် စုဆောင်းအပ်နှံငွေများအား ပြန်လည်ထုတ်ယူခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအား ပြန်လည်ဆောင်ရွက်ပေးပြီဟု ၎င်းကပြောသည်။

ဖွင့်ပွဲကို နယ်မြေခံတပ်မတော်မှ တာဝန်ရှိသူများ၊ မြန်မာ့စီးပွားရေးဘဏ် (ရှမ်းပြည်နယ်ရုံး) မှ ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မျိုးထွန်းနှင့် ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိ/မြို့ဖတို့မှ ဖယ်ခုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲအား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။