(နိုင်ငံတကာ) နိုဝင်ဘာ ၃၀
အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ရုရှားသမ္မတပူတင် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့အနေဖြင့် ရုရှားနှင့် အိန္ဒိယနှစ်နိုင်ငံအကြား အထူးမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန်အတွက် ဆွေးနွေးမည်ဟု ရုရှား အစိုးရက နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ထားကြောင်း RT သတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားသမ္မတ ပူတင် သည် လာမည့်ရက်သတ္တပတ်အတွင်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ တရားဝင်ခရီးစဉ် အဖြစ် သွားရောက်ရန်စီစဉ်ထားသည်။
အဆိုပါခရီးစဉ်သည် ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အတွက် အရေးကြီးသည့် ခရီးစဉ်ဖြစ်ပြီး နှစ်နိုင်ငံအကြား အထူးမိတ်ဖက်ဆက်ဆံရေးပုံစံ တည်ဆောက်နိုင်ရေးအတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ဖွယ်ရှိကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် ရုရှားရေနံများနှင့် လက်နက်ခဲယမ်းများကို အဓိကဝယ်ယူနေသည့်နိုင်ငံဖြစ်ပြီး အစဉ်အလာအရ ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံဖြစ်သည်။
ဒီဇင်ဘာလ ၄ ရက်တွင်စတင်မည့် နှစ်ရက်ကြာ အိန္ဒိယခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင် သည် အိန္ဒိယ သမ္မတ ဒရူပါဒီ မာမူး၊ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ရုရှားသမ္မတ ပူတင် သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ဖူးကြောင်း သိရသည်။
#PAN