ပြင်ဦးလွင်ဓားပြတိုက်မှု ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံး

(မှုခင်း) နိုဝင်ဘာ ၁၂

ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး(၃)၊ မန္တလေး-လားရှိုးသွားကားလမ်းဘေးက နာရီစင်အနီးမှာဖွင့်ထားတဲ့ “အောင်စံပယ်”စိန်ရွှေရတနာဆိုင်မှာ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ဝန်ထမ်းဖြစ်သူတစ်ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

မန္တလေး – လားရှိုးသွားကားလမ်းဘေး နာရီစင်အနီးက “အောင်စံပယ်”စိန်ရွှေရတနာဆိုင်ကို နိုဝင်ဘာ ၁၂ နေ့ ဒီနေ့မနက် ၈နာရီခွဲ အချိန်မှာ အမည်မသိလူငယ်(၂)ဦးက ဟွန်ဒါ ၁၁၀ နက်ဖြူ ဆိုင်ကယ်နံပါတ်မပါ (၁)စီးနဲ့ လာရောက်ဓားပြတိုက်ခဲ့ကြတာလို့ ဒေသခံတွေက ပြောပါတယ်။

ဓားပြတိုက်သူတွေဟာ ဆိုင်အတွင်းကိုရောက်လာပြီး ဆိုင်ကောင်တာအနောက်မှာရပ်နေတဲ့ ဆိုင်ဝန်ထမ်းဖြစ်သူ မိုးကြိုးပစ်ကျေးရွာမှာနေထိုင်တဲ့ ဦးစိန်ဝင်း(၅၈ ကို သေနတ်နဲ့ (၁)ချက်ပစ်ခတ်ခဲ့ပြီးတာကြောင့် ယာမျက်လုံးအောက်မှာ သေနတ်ဒဏ်ရာတစ်ချက်ရ၇ှိကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ယာမှာနေထိုင်တဲ့ ကျောက်အရောင်းအဝယ်ပြုလုပ်သူ အောင်မျိုးနိုင်(၃၀)နှစ်(ဘ)ဦးချစ်ပေါင်းကို ဖမ်းဆီးရမိခဲ့ပေမယ့် သူနဲ့အတူလိုက်ပါလာတဲ့သူတစ်ဦးကတော့ လွှတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းအရ ဓားပြတွေကိုလိုက်လံတားဆီးနေတဲ့ အမျိုးသမီးတစ်ဦးကို ထိုးကြိတ်နေသူတစ်ဦးနဲ့ ကျန်တစ်ဦးက ဝင်ရောက်တာဆီးတဲ့ဆိုင်ဝန်ထမ်းကို သေနတ်နဲ့ပစ်ပြီး လက်ဝတ်ရတနာတွေကိုယူဆောင်နေတာတွေရှိရပါတယ်။

PAN