(မှုခင်း) နိုဝင်ဘာ ၉
သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၂၉) ရပ်ကွက် Eastern Yangon Eventpark မှာကျင်းပတဲ့ Overflow Music Festival ဖျော်ဖြေပွဲမှာ ကွန်ဒုံးဝယ်ပြီး နားမခံနိုင်အောင်ဆဲတဲ့ အဆိုတော်ဆိုသူတစ်စုကို ဖမ်းဆီးလိုက်ပြီလို့ သိရပါတယ်။

အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနဲ့ Bkho Bain (ခ) သိန်းမင်းထိုက် တို့ ဦးဆောင်တဲ့အဖွဲ့ဟာ အများပြည်သူကို စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားများပြောဆိုကာ သီဆိုကခုန်ဖျော်ဖြေခဲ့လို့ အရေးယူဖို့ စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုလိုဖော်ထုတ်ရာမှာ ဖျော်ဖြေပွဲဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်တဲ့ စမ်းချောင်းမြို့ နယ်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်မှာနေထိုင်တဲ့ တင်ရတနာသိမ့် (၂၈)နှစ်၊ မရမ်းကုန်းမြို့နယ်၊ စည်ပင်မီးသတ်ရုံးဝန်ထမ်းအိမ်ရာနေ ဟန်လင်းထက် (၂၇)နှစ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်မှာနေထိုင်တဲ့ အောင်ခန့်မော်(ခ) ဂျပန်ကြီး (၂၉)နှစ်တို့ဟာ နိုဝင်ဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့မှာ ဖျော်ဖြေပွဲပြုလုပ်နိုင်ဖို့ စီစဉ်ခဲ့ကြတာလို့ သိရပါတယ်။
အဲဒီနောက် အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ Bkho Bain (ခ) သိန်းမင်းထိုက်တို့ကို နိုဝင်ဘာလ ၂ ရက်နေ့ညမှာ အခြားအဆိုတော်တွေနဲ့အတူ ဖျော်ဖြေပေးဖို့ ငှားရမ်းခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့ညမှာ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနဲ့ Bkho
Bain (ခ) သိန်းမင်းထိုက် တို့နှစ်ဦးဟာ “ရပါတယ်နဲ့ 5.55566” သီချင်းအပါအဝင် သီချင်း ၁၂ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ပြီး 5.55566 သီချင်းကို ဖျော်ဖြေရာမှာ အများပြည်သူအား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားတွေ ပြောဆိုကာလာရောက်ကြည့်ရှုကြတဲ့ ပရိတ်သတ်တွေ အတွင်းကို ကွန်ဒုံးတွေ ဖြန့်ကြဲပြီးနောက် သီဆိုဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။
အခုလို ဖျော်ဖြေနေစဉ် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနဲ့ Bkho Bain (ခ) သိန်းမင်းထိုက်တို့ အပါအဝင် ၁၃ ဦးခန့်က စင်ပေါ်တက်ရောက်ကာ ကခုန်ခြင်း၊ Video ရိုက်ကူးတာတွေဆောင်ရွက်ခဲ့ကြပြီးဖော်ထုတ်ချက်အရ အခင်းဖြစ်တဲ့နေ့မှာ ပါဝင်ခဲ့ကြသူတွေကို ဖမ်းဆီးရမိနိုင်ရေးဆက်လက်ဆောင်ရွက်ခဲ့ရာ သီဆိုဖျော်ဖြေရာမှာပါဝင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့သစ်(က) ရပ်ကွက်နေ It’s Phyo (ခ) ဖြိုးသန့်အောင်(ခ) ကိုဖြိုး (၂၈)နှစ်ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီမှာ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ What’s Up Cafe ဆိုင်မှာဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖော်ထုတ်ချက်အရ စတိတ်စင်ပေါ်မှာ သီဆိုကခုန်ခဲ့တဲ့ တာမွေမြို့ နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ ပြည့်စုံထွန်း (ခ) စိုင်းမွမ်းဖ (၂၇)နှစ်ကို အဲဒီနေ့ ညနေ ၄ နာရီခွဲအချိန်မှာ သုဝဏ္ဏနယ်မြေရဲစခန်းကို ချိတ်ဆက်ခေါ်ယူကာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့ နယ်နေ သက်လှိုင်ဝင်း(ခ)ကိုသက် (၂၉)နှစ်၊ ချမ်းမြသာစည်မြို့နယ်နေကြသူတွေဖြစ်ကြတဲ့ အာကာဖြိုး(ခ)အာကြီး (၂၇)နှစ်၊ မင်းမော်ထွန်း(ခ)မော်ကြီး (၂၇)နှစ်၊ ဟိန်းလွင်ထွန်း (ခ) ဖိုးထန်း (၁၆)နှစ်၊ စိုင်းအောင်ခေး (၂၅)နှစ်တို့ကိုနိုဝင်ဘာလ ၅ ရက်နေ့ ည ၈ နာရီမှာ သူတို့ရဲ့ နေအိမ်တွေကနေ ဖမ်းဆီးရမိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆) ရပ်ကွက်နေ ဝေလင်းအောင် (၂၂)နှစ်ကို အဲဒီနေ့ညမှာပဲ သုဝဏ္ဏနယ်မြေရဲစခန်းကို ချိတ်ဆက်ခေါ်ဆောင်ကာဖမ်းဆီးခဲ့သလို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်နေသူတွေ ဖြစ်ကြတဲ့ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလ၊ပြည့်ဇော်အောင်(ခ) Pause (၂၃)နှစ်နှင့် ထိုက်အောင်ကျော်မြတ်(ခ) ဗြဲကြီး (၂၁)နှစ်တို့ကို နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီမှာ သုဝဏ္ဏနယ်မြေရဲစခန်းကိာ ချိတ်ဆက်ခေါ်ယူဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ချမ်းအေးသာစံမြို့ နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်မှာနေတဲ့ အဆိုတော် Bkho Bain (ခ)သိန်းမင်းထက် (၂၉)နှစ်နဲ့ ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်နေ လင်းလင်းထွန်း(ခ) လင်းထွန်း(၂၃)နှစ်တို့ဟာ သုဝဏ္ဏနယ်မြေရဲစခန်းကို လာရောက်အဖမ်းခံတယ်လို့လည်း သိရပါတယ်။
အခုလို အများပြည်သူကို စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေပြီး ညစ်ညမ်းသောစကားတွေ ပြောဆိုကာ “ကွန်ဒုံးတွေ” ဖြန့်ဝေပြီး သီဆိုကခုန်ခဲ့ကြသူများဖြစ်ကြတဲ့ အဆိုတော် Wink (ခ)ရဲဝင့်အောင် (ခ) ဗလနှင့် Bkho Bain (ခ) သိန်းမင်းထက် တို့ပါ အမျိုးသား ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေ ဖြစ်ကြတဲ့ တင်ရတနာသိမ့်၊ ဟန်လင်းထက်နဲ့ အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့ကို သင်္ဃန်းကျွန်းမြို့ နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းက (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိတယ်လို့ သတင်းထုတ်ပြန်ချင်အရ သိရပါတယ်။