၁၃ ရက်ကြာကျင်းပတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ပြီးဆုံး

(ပြည်တွင်း) နိုဝင်ဘာ ၉

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက် ညပိုင်းမှာဖွင့်ပွဲပြုလုပ်ပြီး အောက်တိုဘာ ၂၇နေ့ မနက်ပိုင်း ၁၀ နာရီ အချိန်ခန့်ကနေ စတင်လွှတ်တင်ကျင်းပခဲ့တဲ့ တောင်ကြီးမီးပုံးပျံပွဲတော်ဟာ နိုဝင်ဘာလ (၈) ရက် ညနေပိုင်းမှာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ပိတ်ပွဲ အခမ်းအနားကိုတော့ နိုဝင်ဘာလ (၈) ရက် ညနေပိုင်းက ကျင်းပခဲ့ပြီးတယ်လို့ သိရပါတယ်။

ပိတ်ပွဲအခမ်းအနားမှာတော့  မီးပုံးပျံပြိုင်ပွဲတွေမှာယှဥ်ပြိုင်ကြတဲ့ မီးပုံးပျံ အဖွဲ့အလိုက် ဆုပေးပွဲကျင်းပပြုလုပ်တာတွေအပြင် တိုင်းရင်းသားတို့ရဲ့ ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေတင်ဆက်ကြပြီး မီးပုံးငယ်တွေ  မီးရှူးမီးပန်းတွေ ပြိုင်တူလွှတ်တင် ပစ်ဖောက်ကာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒိနှစ်ပြိုင်ပွဲတွေဖြစ်တဲ့ ညမီးကြီး 25 ပေ 40 ပိဿာမှာ ပထမဆုရရှိခဲ့တဲ့  “ပီတိမီး” ဒုတိယဆုရရှိခဲ့တဲ့ “ဆတ်ဝှေ့မီး” တတိယဆုရတဲ့ “ရွှေဇုန်မီး” စတုတ္ထဆုရတဲ့ “တောင်ပိုင်း” ပဉ္စမဆုရတဲ့ “လွိုင်ခမ်း” တို့ကို ဆုတွေအသီးသီးချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

စိန်နားပန်တွေထဲမှာတော့ ပထမဆုရ ရွှေကူး ဒုတိယဆုရ ဇွဲလူငယ် တတိယဆုရ လင်းလက်  စတုတ္ထဆုရ ကောင်းကင် ပဉ္စမဆုရလင်းယုန်မီး တို့ဆုရရှိခဲ့တာဖြစ်ပါတယ်။

ညမီးကြီး ၂၂ ပေ ၂၇ ပိဿာပြိုင်ပွဲမှာတော့  ပထမဆုကို Shan United FC မီးကရရှိပြီး ဒုတိယဆုကိုတော့ အားသစ်  တတိယဆုကို စိုင်းနောင့် စတုတ္ထဆုကို MAI  ပဉ္စမဆုကို Thiha City Square တို့က ရရှိခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီနှစ်မှာတော့ စိန်နားပန် ၃၇ လုံး ၊၂၂ ပေ ၂၅ လုံး ၊ ၂၅ ပေ ၁၈ လုံး စုစုပေါင်း ညလွှတ် အလုံး ၈၀ ဖြစ်ပြီး နေ့လွှတ် မီးပုံးပျံ အရုပ် စာရင်းအနေနဲ့ ခြေနှစ်ချောင်း ၁၉၁ လုံး ၊ ခြေလေးချောင်း ၁၀၄ လုံး ၊ အုပ်စုအလုံး ၆၆ လုံး ၊ စုစုပေါင်း ၃၆၁ လုံးရှိတယ်လို့ ကျင်းပရေးကော်မတီထံက သိရပါတယ်။

#PAN