“သကြားကို ပြည်ပသို့ ယခင်နှစ်ထက် တိုးမြှင့်တင်ပို့မည်”

(စီးပွားရေး) နိုင်ဝင်ဘာ ၆

လက်ရှိ ပြည်တွင်းသကြားလက်ကျန်နှင့် လာမည့်ကြံရာသီတွင် သကြားထွက်ရှိမှုကို ခန့်မှန်းတွက်ချက်မှုအရ ယခင်နှစ်ကထက် ပြည်ပသို့ တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်း ရှင်များအသင်းမှ သိရသည်။

လက်ရှိကာလတွင် ပြည်တွင်းသကြားဈေးက တစ်ပိဿာလျှင် ငွေကျပ် ၄,ဝဝဝ ဝန်းကျင် ပေါက်ဈေးရှိနေပြီး ပြည်တွင်းသုံးစွဲမှုလည်း လျော့ကျနေသည်။

နိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ ခန့်ရှိပြီး ဈေးနှုန်းကျဆင်းနေ​ခြင်းဖြစ်သည်။

ကမ္ဘာ့သကြားဈေးကွက်တွင် ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလကုန်အထိ သကြားတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၅၀ ခန့်ပေါက်ဈေးရှိနေပြီး ၂၀၂၅ ခုနှစ်၊ အောက်တိုဘာအထိ သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၀၀ မှ ၅၂၀ အထိသာ ပေါက်ဈေးရှိနေသည်။

ပြည်တွင်းသကြားစက်ရုံများမှ ယခုနှစ် ကြံတစ်တန်ဈေးနှုန်းမှာ ညှိနှိုင်းဆဲဖြစ်ပြီး ငွေရည်ပုလဲသကြားစက်ရုံ တစ်ခုသာ ကြံတစ်တန်ကို ငွေကျပ် ၁၇၀,၀၀၀ ပေါက်ဈေးဖွင့်ထားသည်။

ပြီးခဲ့တဲ့နှစ်က ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ ပေါက်ဈေးပေးဝယ်ယူခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်တွင်း၌ သကြားလက်ကျန် များရှိနေတာကြောင့် ယခင်နှစ်တွေကထက် လျှော့၍ဝယ်ယူလျှက်ရှိသည်။

ပြည်တွင်းသကြားဈေးမှာ အောက်တိုဘာလမှစတင်၍ ကျဆင်းနေရာ နိုဝင်ဘာလဆန်းပိုင်းတွင် ပေါင်းသကြား တစ်ပိဿာလျှင် ငွေကျပ် ၃,၅ဝဝ မှ ၄,ဝဝဝ၊ ခါသကြား ၃၄၀၀ မှ ၃၅၀ဝ၊ ပွက်သား တစ်ပိဿာလျှင် ငွေကျပ် ၂,၆၇၀ မှ ၂,၉ဝဝ၊ ခါစက်ကျရည် တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ မှ ၂၆ဝဝ၊ ပေါင်းစက်ကျရည် တစ်ပိဿာ လျှင် ငွေကျပ် ၁၈၀၀ မှ ၂,၀၀ဝ အထိ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

#PAN