ကမ္ဘာပေါ်က ဆင်းရဲသားအများစု အန္တရာယ်များတဲ့ သဘာဝဘေးဖြစ်စဉ်တွေနဲ့ ရင်ဆိုင်နေရဟုဆို

(နိုင်ငံတကာ) အောက်တိုဘာ ၁၈

ကမ္ဘာတစ်ဝန်းက ဆင်းရဲစွာနေထိုင်ရသူ ၁၀ ဦးအနက် ရှစ်ဦးဟာ အန္တရာယ်များတဲ့ သဘာဝဘေးဖြစ်စဉ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက်က ထုတ်ပြန်ထားချက်အရ အဲဒီပမာဏဟာ ဆင်းရဲစွာနေထိုင်နေရတဲ့ လူဦးရေ ၈၈၇ သန်းနဲ့ညီမျှနေတယ်လို့ သိရပါတယ်။

ဆင်းရဲစွာနေထိုင်နေရသူတွေ နေထိုင်ရာဒေသတွေက မတူညီသောသဘာဝဘေး​တွေကို ရင်ဆိုင်နေရသူတွေဖြစ်တယ်လို့ အောက်စဖို့ ဆင်းရဲမှုနဲ့ လူသားများဆိုင်ရာအစီအစဉ်နဲ့ ပူးတွဲထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဆင်းရဲစွာနေထိုင်ရသူ ၁ ဒသမ ၁ ဘီလီယံရှိပြီး အဲဒီအနက် ၈၈၇ သန်းဟာ အပူချိန် အလွန်အမင်းမြင့်တက်မှု၊ ရေကြီးမှု၊ မိုးခေါင်ရေရှားမှု ဒါမှမဟုတ် လေထုညစ်ညမ်းမှုတို့လို ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ တွေ့ကြုံနေရတယ်လို့လည်း သိရပါတယ်။
ခုလို တွေ့ကြုံနေရသူ​တွေအနက် ၉၉ ဒသမ ၁ ရာခိုင် နှုန်းဟာ တောင်အာရှဒေသကဖြစ်ပြီး ၉၁ ဒသမ ၆ ရာခိုင်နှုန်းမှာ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ် နှစ်မျိုးနဲ့အထက်ကို ရင်ဆိုင်နေရတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်​ရေးအတွက် ကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ရမည်ဖြစ်တယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ရဲ့ ယာယီအုပ်ချုပ်ရေးမှူးက ပြောထားတယ်လို့ သိရပါတယ်။

#PAN