
(နိုင်ငံတကာ) အောက်တိုဘာ ၁၇
ကုလသမဂ္ဂသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအတွက် အမေရိကန် ဒေါ်လာ ၄၅ ဒသမ ၃ ဘီလီယံကျော် တောင်းခံထားသော်လည်း စက်တင်ဘာလကုန်အထိ၂၁ ရာခိုင်နှုန်း သို့မဟုတ် ၉ ဒသမ ၆ ဘီလီယံသာ ရရှိထားသေးကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့် ရှိသူတစ်ဦးက အောက်တိုဘာလ ၁၄ ရက် တွင် ပြောသည်။
ယခုနှစ်ရရှိသော ရန်ပုံငွေပမာဏသည် ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ်လျှင် အံ့အားသင့်ဖွယ် ၄၀ ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောသည်။
ထိုကဲ့သို့ ရန်ပုံငွေကွာဟမှုက ကျန်းမာရေးစောင့်ရှောက်မှု မရရှိသူများ၊ အစားအစာ မရရှိသော မိသားစု များ၊ ပညာရေးသင်ကြားခွင့်မရရှိသော ကလေးငယ်များစသည့် သန်းနှင့်ချီသောပြည်သူများအတွက် အလွန်ဆိုးရွား သော နောက်ဆက်တွဲ ပြဿနာရပ်များကို ဖြစ်ပေါ်စေကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် ကျန်းမာရေးဆိုင်ရာဌာနပေါင်း ၄၂၀ ကျော်ကို ပိတ်ထားရခြင်းကြောင့် လူပေါင်းသုံးသန်းအတွက် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ရှိနေကြောင်း၊ ဆိုမာလီယာနိုင်ငံတွင် စားနပ်ရိက္ခာထောက်ပံ့ကူညီမှု လျှော့ချလိုက်သောကြောင့် ဩဂုတ်လအတွင်းက လူပေါင်း ၁ ဒသမ ၁ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း နိုဝင်ဘာလတွင် လူပေါင်း ၃၅၀,၀၀၀ ကိုသာ ထောက်ပံ့ပေးနိုင်တော့ကြောင်း သိရသည်။
ကုလသမဂ္ဂနှင့် ၎င်း၏မိတ်ဖက်များသည် လက်ခံရရှိထားသော ရန်ပုံငွေအနည်းငယ်နှင့်အတူ အခက်အခဲ ဖြစ်ပေါ်နေသူများထံ အကူအညီများရောက်ရှိစေရေး အားစိုက်လုပ်ဆောင်လျက်ရှိကြောင်း ဟတ်က ပြောသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အရှိန်မြှင့် လုပ်ဆောင်ကြရေးနှင့်ပတ်သက်ပြီးလည်း အလှူရှင်နိုင်ငံများကို တောင်းဆိုထားသည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။