လဝက ဝန်ထမ်းကို ဓားထောက် လုယက်သူတွေကို ဖမ်းဆီးရမိ


(ပြည်တွင်း) အောက်တိုဘာ ၁၆

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရုံးအမှတ် ၄၈ ကနေ နေအိမ်ကို မန္တလေးလမ်းအတိုင်း ဆိုင်ကယ်နဲ့ တစ်ဦးတည်းမောင်းနှင်လာတဲ့ လဝက ဝန်ထမ်းကို ဓားထောက် ဓားပြတိုက်သူနှစ်ဦးကို ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာမှာနေထိုင်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက ဝန်ထမ်းဖြစ်သူ ဒေါ်ဆုမွန်ကျော် (၄၀)နှစ်ဟာ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်က ရုံးအမှတ်(၄၈)ကနေ နေအိမ်ကို မန္တလေးလမ်းအတိုင်း ဆိုင်ကယ်နဲ့ တစ်ဦးတည်း ပြန်လည်မောင်းနှင်လာချိန် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီး ရာဇသင်္ဂဟအိမ်ရာ(၁) အနောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦး မောင်းနှင်လာတဲ့ဆိုင်ကယ်ဟာ လဝကဝန်ထမ်းအမျိုးသမီးရဲ့ဆိုင်ကယ် အရှေ့ကနေ ပိတ်ရပ်တားဆီးကာ ဓားနဲ့ထောက်ပီဲး အမျိုးသမီးထံက SAMSUNG Note 10 Plus အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ငွေကျပ် ၁ သိန်းခွဲခန့်၊ ဝန်ထမ်းကတ်တွေနဲ့ ATM ကတ်တွေထည့်ထားတဲ့ လက်ကိုင်အိတ်တစ်လုံးတို့ကို လုယက်ယူဆောင်သွားခဲ့တာကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၃၈၂ နဲ့ အမှုရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေက စုံစမ်းဖော်ထုတ်တာတွေဆောင်ရွက်ခဲ့ရာမှာ ပြစ်မှုကျူးလွန်သူတွေဟာ ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂)ရပ်ကွက်မှာနေထိုင်သူများဖြစ်ကြတဲ့ ကောင်းစံဌေး(ခေါ်) မြတ်သူအောင် (ခေါ်) မဲလုံးနဲ့ ကိုကိုထွန်း (ခေါ်) မဲလုံး တို့ဖြစ်တယ်ဆိုတာကို ဖော်ထုတ်သိရှိရတာကြောင့် ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ ၁၄ ရက် နံနက်ပိုင်းမှာ ပစ်မှုကျူးလွန်သူနှစ်ဦးကို လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအနီးလမ်းမပေါ်မှာ ပြစ်မှုကျူးလွန်စဉ် ၎င်းတို့အသုံးပြုခဲ့တဲ့ ဆိုင်ကယ်တစ်စီး၊ ပြစ်မှုကျူးလွန်ရာမှ လုယက်ယူဆောင်ခဲ့တဲ့ SAMSUNG Note 10 Plus လက်ကိုင်ဖုန်း ၁ လုံး၊ မြန်မာငွေစက္ကူရောရာတစ်သိန်းကျပ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့တရားခံတွေရဲ့ထွက်ဆိုချက်တွေအရ အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းမှာ ချင်းရွာဘက်ကနေ ရေပြာကျေးရွာဘက်ကို မန္တလေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် သူတို့အရှေ့ကနေ အမျိုးသမီးတစ်ဦးတည်း ဆိုင်ကယ်မောင်းနှင်နေတာကို တွေ့ရှိရတာကြောင့် အနောက်မှကပ်လိုက်ကာ ရာဇသင်္ဂဟအိမ်ရာ အနောက်ဘက်အရောက်မှာ အဆိုပါဆိုင်ကယ်ကို ဝင်တိုက်ကာတားဆီးခဲ့ပြီး အဆိုပါအမျိုးသမီးထံက လက်ကိုင်အိတ် ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးနဲ့ ဆွဲကြိုးတစ်ကုံးတို့ကို ဓားထောက်လုယက်ယူဆောင်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဝေဘူလဘုန်းကြီးကျောင်းအနီးအရောက်မှာ လုယူခဲ့တဲ့ လက်ကိုင်အိတ်အတွင်းက ငွေတွေကို ထုတ်ယူကာ လက်ကိုင်အိတ်ကို လွှင့်ပစ်ကာ ကောင်းစံဌေး (ခေါ်) မြတ်သူအောင် (ခေါ်) မဲလုံးက ဆွဲကြိုးနဲ့ ငွေ ၅၀၀၀၀ ကျပ် ကိုကိုထွန်း (ခေါ်) မဲလုံးက လက်ကိုင်ဖုန်းနဲ့ ငွေ ၅၀၀၀၀ ကျပ်တို့ကို ခွဲဝေယူဆောင်ခဲ့ကြတဘ်လို့လည်း ဖော်ထုတ်သိရှိခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ကောင်းစံဌေး (ခေါ်) မြတ်သူအောင် (ခေါ်) မဲလုံးနဲ့ ကိုကိုထွန်း (ခေါ်) မဲလုံးတို့ကို ကွင်းဆက်ပြစ်မှုတွေရှိ/မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိပြီး ဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးနဲ့ သိမ်းဆည်းဖို့ကျန်သက်သေခံပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

PAN