အောက်တိုဘာ ၂၈ မနက် ၆ နာရီကနေ မဲဆွယ်ကာလကို ရက်ပေါင်း ၆၀ သတ်မှတ်

(ပြည်တွင်း) အောက်တိုဘာ ၁၅

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက် နေ့မှာစတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆၀ အထိခွင့်ပြုမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

မဲဆွယ်ကာလကို အောက်တိုဘာ ၂၈  ရက်နေ့ မနက် ၆ နာရီကနေ ဒီဇင်ဘာ ၂၆  ရက်နေ့ ည ၁၂ နာရီ အထိ ခွင့်ပြုတယ်လို့လည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။


လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေ အလိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းထားပြီး သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေက လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ စိစစ်အတည်ပြု ကြေညာထားတဲ့
နိုင်ငံရေးပါတီကိုယ်စားပြု မဲအများဆုံးရသူအနိုင်ယူစနစ် ကိုယ်စားလှယ်လောင်းတွေ အချိုးကျကိုယ်စားပြုစနစ် ကိုယ်စားလှယ်လောင်းတွေ ဒါမဟုတ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲအနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ရာမှာ ဥပဒေနဲ့အညီ လွတ်လပ်ပြီး တရားမျှတမှုရှိစေရေးအတွက် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၀-က နဲ့ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း(၁၀) တို့မှာ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်တွေ​ကို ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ကပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်နေ့မှာစတင်ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နိုင်ငံရေးပါတီတွေဟာ လွတ်လပ်​၍ တရားမျှတပြီး အေးချမ်းတည်ငြိမ်တဲ့ ရွေးကောက်ပွဲတွေဖြစ်စေရေးအတွက်ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတွေကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

#PAN