ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ရော်ဘာစိုက်ဧက ကိုးသိန်းခွဲခန့်မှ ရော်ဘာများထုတ်လုပ်ရန်လျာထား

(ပြည်တွင်း) အောက်တိုဘာ ၁၄

နိုင်ငံတစ်ဝန်း၌ ရော်ဘာစိုက်ဧက ၁၆ သိန်းကျော်စိုက်ပျိုးထားရှိပြီဖြစ်ပြီး ယခုဘဏ္ဍာနှစ်မှာ ရော်ဘာစိုက်ဧက ကိုးသိန်းခွဲခန့်မှ ရော်ဘာများထုတ်လုပ်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရပါတယ်။

နှစ်စဉ် ပြည်တွင်းမှထုတ်လုပ်သောရော်ဘာများ၏ ၆ ရာခိုင်နှုန်းခန့်ကို ပြည်တွင်း၌အသုံးပြုပြီး ၉၄ ရာခိုင်နှုန်း ခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။

တင်ပို့ရာတွင်အဓိကအားဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ ရောင်းချနေပြီး မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယနှင့် ဗီယက်နမ် စတဲ့ နိုင်ငံများသို့လည်း မြန်မာ့ရော်ဘာများ တင်ပို့လျက်ရှိပါတယ်။

ပြည်တွင်း၌ ရော်ဘာပင်များကို မွန်ပြည်နယ်၌ အများဆုံးစိုက်ပျိုးထားပြီး ဒုတိယအများဆုံးမှာ တနင်္သာရီတိုင်း ဒေသကြီးနှင့် တတိယအများဆုံးမှာ ကရင်ပြည်နယ်တို့၌ စိုက်ပျိုးပြီး ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း စတဲ့ တိုင်းဒေသကြီးများတွင်လည်း ရော်ဘာပင်များ အများအပြား စိုက်ပျိုးထားသည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ ဒေသတချို့တွင်လည်း ရော်ဘာများစိုက်ပျိုးလာကြကြောင်း သိရပါတယ်။