ကိုရီးယားနှစ်နိုင်ငံမှ မိသားစုပြန်ပေါင်းစည်းရေးအစီအစဉ် ပြန်စရန် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တိုက်တွန်း

(နိုင်ငံတကာ) အောက်တိုဘာ ၄

ကိုရီးယားနှစ်နိုင်ငံမှ မိသားစုပြန်ပေါင်းစည်းရေးအစီအစဉ်ကို ပြန်လည်စတင်ရေးအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားကို တိုက်တွန်းလိုက်ကြောင်းသိရသည်။ထိုမိသားစုများသည် ၁၉၅၀-၁၉၅၃ ခုနှစ်တွင်ဖြစ်ပွားသော ကိုရီးယားစစ်ပွဲ၌ ကွဲကွာသွားကြသူများဖြစ်ပြီး နှစ်နိုင်ငံကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်အဖြစ် မိသားစုပြန်ပေါင်းစည်းရေး အစီအစဉ်ကို ပြန်လည်စတင်နိုင်ရေးအတွက် မြောက်ကိုရီးယားအနေဖြင့် စဉ်းစားပေးရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် က အောက်တိုဘာလ ၃ ရက်တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ထို့ပြင် လီဂျေးမြောင် က မြောက်ကိုရီးယားနိုင်ငံအနေဖြင့် ရန်လိုစိတ်ကိုလျှော့ချပြီး မိသားစုဆုံစည်းရေးကို ပြန်စနိုင်မည်ဟုမျှော်လင့်ကြောင်း မြောက်ကိုရီးယားနိုင်ငံ၌ မိသားစုများရှိနေသည့် တောင်ကိုရီးယားနိုင်ငံသား များကိုပြောသည်။အလားတူ ကွဲကွာနေသောမိသားစုများ အဆက်အသွယ်ပြန်ရရေးနှင့် စာများကို အပြန်အလှန်ပေးပို့ရေး တို့သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်မှကြည့်လျှင် နိုင်ငံရေးအရ တာဝန်ရှိမှုပင်ဖြစ်ကြောင်း လီဂျေးမြောင် က မြောက်ကိုရီးယားနှင့်နယ်စပ်ရှိ ကျွန်းတစ်ခုသို့သွားစဉ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။မြောက်ကိုရီးယားနိုင်ငံ၌ ကွဲကွာသွားသော မိသားစုများရှိနေသည့် တောင်ကိုရီးယားနိုင်ငံသား ၃၆၀၀၀ ခန့်က မိသားစုပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်ပေးရန် အစိုးရထံသို့တောင်းဆိုလာသည်ဟု တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ထိုသို့မိသားစုပေါင်းစည်းရေးကို ၂၀၁၈ ခုနှစ် ဩဂုတ်လတွင် နောက်ဆုံးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟုသိရသည်။