(ပြည်တွင်း) စက်တင်ဘာ ၃၀

ကျောက်မဲမြို့ကိုထိန်းချုပ်ထားတဲ့ တအောင်းအကြမ်းဖက်လက်နက်ကိုင် TNLA ဟာ တပ်မတော်ရဲ့ထိုးစစ်ကြောင့် စစ်ရှုံးကာ ကျောက်မဲကိုလက်လွှတ်ရတော့မှာဖြစ်လို့ တပ်မတော်က အဆိပ်ဗုံးအသုံးပြုတယ်ဆိုပြီး မဟုတ်မမှန်ဝါဒဖြန့်နေပါတယ်။
ကျောက်မဲမြို့အနီးက လုံဝယ်ကျေးရွာကို လေကြောင်းကနေ ဗုံး(၃၀)လုံးနဲ့ အဆိပ်ငွေ့ဗုံး(၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က Telegram ကနေပြောပါတယ်။
တပ်မတော်နဲ့နီးစပ်သူတွေရဲ့ ပြောဆိုရေးသားမှုတွေအရ စက်တင်ဘာ ၂၈ ရက်နေ့မှာ စခန်းသာနဲ့ လုံဝယ်ဒေသတွေမှာပြုလုပ်ခဲ့တဲ့ နယ်မြေရှင်းလင်းမှုမှာ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားပြီး TNLA တွေထွက်ပြေးသွားသလို ဖြစ်စဉ်မှာ တပ်ဘက်က ထိခိုက်မှုမရှိပဲ TNLA ၃ လောင်းနဲ့ AK-47 သေနတ် ၁ လက် ရရှိတယ်လို့သာ ဖော်ပြခဲ့ကြတာတွေ့ရပါတယ်။
ကျောက်မဲမြို့နယ်ထဲကဒေသတစ်ချို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေရှိသလို ဒရော့ဗုံးချတိုက်ခိုက်တာတွေလည်းရှိနေပေမယ့် အဆိပ်ဗုံးအသုံးပြုတယ်ဆိုတာကတော့ သွေးရူးသွေးတန်းနဲ့ပြောဆိုတာပဲလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ ကျောက်မဲစစ်ရှောင်တစ်ဦးကပြောပါတယ်။
TNLA ကတော့ တပ်ရဲ့ အဆိပ်ငွေ့ဗုံးကြဲချမှုကြောင့် TNLA အဖွဲ့ဝင်တွေ မူးဝေ အော့အန် မအီမသာဖြစ်တာတွေနဲ့ မောပန်းတာ အသက်ရှူမြန်ဆန်တာတွေဖြစ်ခဲ့လို့ ၃ ယောက် ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့ကို ၂၀၂၄ ခုနှစ် သြဂုတ် ၅ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ အဖြစ် တအောင်းအကြမ်းဖက်လက်နက်ကိုင် (TNLA) က သိမ်းပိုက်လိုက်ပြီး အခုအချိန်မှာ တပ်မတော်ရဲ့ထိုးစစ်ကြောင့် ပြန်လည်လက်လွှတ်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။
စကခ (၁)၊ ခမရ (၅၀၁၊ ၅၀၂) စခန်းကုန်းတွေ အခြေစိုက်တဲ့ ကျောက်မဲကို TNLA ထိန်းချုပ်ပြီးနောက် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေများပြားလားပြီး လက်နက်ကိုင်တွေအတွက် မူးယစ်ဆေးဝါးဟာ မရှိမဖြစ်လိုအပ်တဲ့အသုံးအဆောင်ဖြစ်လာသလို မူးယစ်ဆေးဝါးကြောင့် အဖွဲ့ဝင်အချင်းချင်း အပြန်အလှန်ပစ်ခတ်မှုတွေ အချင်းချင်းဖမ်းဆီးမှုတွေလည်း ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောဆိုထားပါတယ်။