TNLA ဖောက်ခွဲခဲ့တဲ့ ဂုတ်ထိပ်တံတားကို ရှေ့မူအတိုင်း ပြင်ဆင်နေ

(ပြည်တွင်း) စက်တင်ဘာ ၁၆

ဩဂုတ် ၂၄ ရက်နေ့က တအောင်းအကြမ်းဖက်လက်နက်ကိုင် TNLA က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ဂုတ်ထိပ်တံတားကိုရှေ့မူအတိုင်း ပြန်လည်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီီလိုပြင်ဆင်ဆောင်ရွက်မှုတွေကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းသွားရောက်ကြည့်ရှု့ခဲ့တယ်လို့လည်း သိရပါတယ်။

သမိုင်းအမွေအနှစ်တံတားဖြစ်တာကြောင့် မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးဟာ တံတားကြီးနဲ့ ကပ်လျက်ပေ ၃၅၀ အရှည်ရှိ ဥမင် လိုဏ်ခေါင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူတွေ ဖျက်ဆီးထားတဲ့ ရထားသံလမ်း​တွေ ကွန်ကရစ်ဇလီဖားတုံးတွေ မိုင်းဖောက်ခွဲဖို့စီစဉ်ထားခဲ့တဲ့နေရာတွေကိုလည်း ကြည့်ရှု့ခဲ့တယ်လို့ သိရပါတယ်။

တအောင်းအကြမ်းဖက်သောင်းကျန်းသူTNLA ရဲ့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ဂုတ်ထိပ်တံတား လားရှိုးဘက်ခြမ်းကမ်းကပ်ခုံနဲ့ တံတားတိုင်အမှတ် ၁၆ အကြားက တံတားသံပေါင်တွေ အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ဖို့အတွက် လိုအပ်တဲ့ တံတားပစ္စည်းတွေ သယ်ယူစုဆောင်း​​ပြီး ယာယီ ဒေါက်တိုင်နဲ့ ယာယီသံပေါင် တပ်ဆင်နိုင်ရေးဆောင်ရွက်နေပြီဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနထံက သိရပါတယ်။

ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နဲ့ ကျောက်မဲမြို့အကြား မန္တလေး-လားရှိုးရထားလမ်းကြောင်းပေါ်က ပေ ၂၂၀၀ ကျော် ရှည်လျားပြီး ပေ ၅၀၀ ခန့်နက်တဲ့ လျှိုချောက်ကြီးကို တစ်ဖက်တစ်ချက်က တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး တံတားကြီးကို လန်ဒန်မြို့ ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲကာ အမေရိကန်ပြည်ထောင်စုက Pennsylvania & Maryland Bridge and Constru-ction Co., က ၁၈၉၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပြီး ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တံတားအရှည်ပေ ၂၂၆၀ ခန့်၊ တံတား သံမဏိတိုင်အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင်က ရထား သံလမ်းမျက်နှာပြင်အထိ အမြင့် ၈၂၅ ပေခန့်မြင့်မားတာကြောင့် အဲဒီကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သံနဲ့သံမဏိတန်ချိန် ၄၃၁၁ တန်၊ သံမှိုတစ်သန်းခန့်သုံးစွဲထားပြီး မတ်စောက်တဲ့ တောင်စောင်းတွေအကြား ခက်ခဲစွာတည်ဆောက်ထားခြင်းဖြစ်တာကြောင့် မီးရထားနဲ့ လိုက်ပါစီးနင်းရင် တွေ့မြင်ရတဲ့ သံမဏိတံတားနဲ့ ပတ်ဝန်းကျင်ရှုခင်းအလှအပဟာ လွန်စွာကျော်ကြားပြီး မြန်မာနိုင်ငံအနေနဲ့ ဂုဏ်ယူဖွယ်ရာ အံ့မခန်းထင်ရှားတဲ့ တံတားတစ်စင်းလည်းဖြစ်ပါတယ်။

#PAN